ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မော်တောင်းကျေးရွာနဲ့ ဆယ်မိုင်ကျေးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၈ ရက် မနက် ၂ နာရီလောက်မှာ ဝင်ရောက်စီးနင်းပြီး နေအိမ်ရှိသူတွေကို ရိုက်နှက်ကာ ငွေ၊ ဖုန်းနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"စစ်တပ်က မနက်အစောကြီး အိမ်စီးကား ၄ စီး နဲ့ ရွာထဲဝင်လာတယ်။ ပြီးတော့ အိမ်တအိမ်ထဲ တံခါးဖျက်ဝင်ပြီး အဲ့ဒီအိမ်က ကလေးမလေးကိုခေါ်ပြီး ရွာထဲ ကားနဲ့ပတ်တယ်။ အဲ့ဒီ ကလေးမလေးတို့အိမ်က ဖုန်းသုံးလုံးကို သိမ်းသွားတယ်" လို့ မော်တောင်းကျေးရွာ ဒေသခံ တဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က မော်တောင်းကျေးရွာအတွင်းရှိ နေအိမ်တလုံးကိုလည်း ဝင်ရောက်စီးနင်းခဲ့ပြီး အိမ်တွင်းနေထိုင်သူ အမျိုးသားကို ရိုက်နှက်ကာ ငွေနနဲ့အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းသွားပါတယ်။
ဒေသခံတဦးက "မနက်အစောကြီး အဲ့ဒီအိမ်ရှေ့ရောက်လာပြီး တံခါးကို ရိုက်ဖျက်တယ်။ အဲ့ဒီအိမ်က သူ(အမျိုးသား)ကို သေနှတ်နဲ့ ရိုက်တာ နှဖူးကွဲသွားတယ်။ သူတို့ထွက်သွားမှ သိရတာ အဲ့ဒီအိမ်က ဘုရားလှူမယ့်ငွေတွေရယ်၊ ငါးခြောက်တွေရယ်၊ ကချင်အရက်ပုလင်းတွေရယ် သိမ်းသွားတယ်။ ဘာကြောင့် အဲ့လိုလုပ်လဲတော့ မသိရဘူး" လို့ ပြောပါတယ်။
မော်တောင်းကျေးရွာက နေအိမ်တွေကို ဝင်ရောက်စီးနင်းခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဆယ်မိုင်ကျေးရွာ အပိုင်း ၅ က နေအိမ်တလုံးကိုလည်း ဝင်ရောက်စီးနင်းကာ နေအိမ်ရှိ အမျိုးသားတဦးကို ရိုက်နှက်ပြီး ငွေနဲ့ ဖုန်းတွေကို သိမ်းဆည်းသွားပါတယ်။
"အပိုင်း ၅ ထဲက အိမ်ကို စစ်တပ်က ဝင်စီးတာ။ အဲ့အိမ်က ကောင်လေးက ကြောက်လို့ထွက်ပြေးတာကို စစ်တပ်က လိုက်ဖမ်းပြီး ဝိုင်းရိုက်ကြတာ၊ ကောင်လေး အတော် နာတယ်။ ပြီးတော့ အဲ့အိမ်က ငွေ ၇ သိန်းနဲ့ ဖုန်း ၅ လုံးကိုလည်း သိမ်းသွားတယ်" လို့ ဆယ်မိုင်ကျေးရွာနေထိုင်သူတဦးက ပြောပါတယ်။
မော်တောင်းကျေးရွာနဲ့ ဆယ်မိုင်ကျေးရွာကို စစ်ကောင်စီတပ်ဝင်ရောက်စီးနင်းပြီး ရိုက်နှက်တာ၊ ငွေနဲ့အသုံးအဆောင်ပစ္စည်းတွေ အဓမ္မသိမ်းနေတဲ့အတွက် ဒေသခံတွေ စိုးရိမ် ထိတ်လန့်နေကြပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း နောင်နန်းကျေးရွာ အုပ်စု ရှစ်မိုင်ကျေးရွာ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး အလှူခံပုံးတွေကို ရိုက်နှက်ဖျက်ဆီးခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။