မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ဖေဖော်ဝါရီ ၂၇ ရက် မနက်က စစ်ကောင်စီလက်အောက်ခံ ပျူစောထီးစခန်းတခု တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ပခုက္ကူခရိုင် အမှတ်-၁၀ တပ်ရင်း၊ တပ်ခွဲ-၂ သွေးသောက်တော်လှန်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။
ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသက စစ်ကောင်စီလက်အောက်ခံ မင်းရွာ ပျူစောထီးစခန်းကို မနေ့ ဖေဖော်ဝါရီ ၂၇ ရက် မနက် ၇ နာရီလောက်မှာ သွေးသောက်တပ်ဖွဲ့နဲ့ လက်ရုံးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ သွေးသောက်တော်လှန်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံ ဗိုလ်ပန်က ဒီဗွီဘီကို ပြောပါတယ်။
နှစ်ဖက် အပြန်အလှန် ထိပ်တိုက် တိုက်ပွဲဖြစ်ပွားချိန် ၁ နာရီနီးပါး ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ များပြားနိုင်ပေမဲ့ အတိအကျ မသိရသေးဘဲ ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။
ဗိုလ်ပန်က “တိုက်ပွဲ စတင်ဖြစ်ပွားတဲ့အချိန်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ပစ်ခတ်ပေမဲ့လည်း ကျနော်တို့ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်” လို့ ပြောပါတယ်။
မင်းရွာကျေးရွာမှာ ပြီးခဲ့တဲ့ ၇ လလောက်ကတည်းက စစ်ကောင်စီတပ်သားတွေ အင်အား ၇၀ လောက်နဲ့ အထိုင်ချ တပ်စွဲထားကာ ရေလယ်ကျွန်းဒေသက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူတွေရဲ့ အဖိုးတန်လက်ဝတ်ရတနာတွေနဲ့ ငွေကြေးတွေကို ခိုးယူတာ၊ အိမ်မွေး တိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တာတွေ ဆက်တိုက် ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ နေရင်းကျေးရွာကိုလည်း ဖေဖော်ဝါရီ ၂၆ ရက် မနက်က မင်းရွာကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၃၀ လောက် မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ အမှတ် ၂ စည်ပင်သာယာရပ်ကွက် ရုံးပေါင်းစုံဌာနမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို Myingyan Black Tiger-MBT အဖွဲ့က ပခုံးထမ်းလောင်ချာ၊ ၄၀ မမ၊ လက်နက်ငယ်တွေနဲ့ ဒုတိယအကြိမ် သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။
ရုံးပေါင်းစုံဌာနမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ ဖေဖော်ဝါရီ ၂၆ ရက် ည ၉ နာရီခွဲလောက်မှာ တန်းစီမယ်လို့ ဖရဲသီးသတင်းရတဲ့အတွက် ရှေ့ထွက်လက်နက်ကြီး ၁ ချက်၊ ပခုံးထမ်းလောင်ချာ အဝေးပစ် ၁ ချက်၊ အနီးပစ် ၁ ချက်၊ ၄၀ မမ ၁ ချက် အပါအဝင် လက်နက်ငယ်တွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာလို့ အဲဲဒီတပ်ဖွဲ့ တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။
“သူတို့တပ်စွဲထားတဲ့နေရာမှာ ဖရဲသီးတွေရှိတယ်။ အဲဒါနဲ့ တန်းစီမယ်သတင်းကြားလို့ သွားရောက်ပစ်ခတ်ခဲ့တာပါ။ လက်နက်ကြီးတွေနဲ့ အရင်ပစ်တယ်၊ ပြီးမှ လက်နက်ငယ်တွေပစ်တယ်။ တန်းစီရင်း နေရာမှာ လဲကျသွားတာတွေ ရှိတယ်။ ဒီတကြိမ်က ဒုတိယမြောက်ဖြစ်ပါတယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်ကျဆုံးမရှိဘဲ ပြန်ဆုတ်လာနိုင်ခဲ့တယ်။”
အဆိုပါပစ်ခတ်မှုအပြီး မကြာမီမှာ တိုက်ခိုက်ခံရတဲ့နေရာကို လူနာတင်ယာဥ် ၂ စီး ရောက်ရှိလာခဲ့ပြီး ဒဏ်ရာပြင်းထန်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးအား ရေစကြိုမြို့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ဖရဲသီးသတင်းအရ သိရပါတယ်။
အဲဒီပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီတပ်က ကျေးရွာထဲကို ရမ်းသန်းပစ်ခတ်တာမျိုးတွေ ပြုလုပ်နေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်ကလည်း အမှတ် ၂ စည်ပင်သာယာရပ်ကွက် ရုံးပေါင်းစုံဌာနက ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ကြီးနဲ့ တိုက်ခိုက်ခံခဲ့ရပါသေးတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။