မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ဖေဖော်ဝါရီ ၂၂ ရက် မနက်က စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ တိုက်ခိုက်ခံရပြီး ရဲတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပခုက္ကူခရိုင်၊ အမှတ်-၁၀ တပ်ရင်း၊ တပ်ခွဲ-၁ သိန်းငှက်ပြောက်ကျားတပ်ခွဲကနေ သိရပါတယ်။
သိန်းငှက်ပြောက်ကျားတပ်ခွဲ တာဝန်ခံ ဗိုလ်ရေခဲက “ရေစကြိုမြို့နယ်၊ ပခန်းငယ်ကျေးရွာကို အင်အားတိုးပြီး လုံခြုံရေးယူထားတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ ရဲတွေကို မနေ့ ဖေဖော်ဝါရီ ၂၂ ရက် မနက် ၈ နာရီ ၄၂ မိနစ်လောက်က ကျနော်တို့ဘက်က ရဲဘော်တွေ ရွာထဲကိုဝင်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
နှစ်ဖက် အပြန်အလှန် ၁၀ မိနစ်လောက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ပခန်းငယ်ရဲစခန်းက ရဲတပ်သား ငပြူး ဆိုသူ ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တရစပ် ရမ်းကားပစ်ခတ်ခဲ့ပေမဲ့ ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဗိုလ်ရေခဲက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီး နာရီဝက်လောက်အကြာမှာ စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ ပြည်သူ ၂ ယောက် ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာအခြေအနေကတော့ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
မိဘပြည်သူတွေအနေနဲ့ ပစ်ခတ်သံတွေကြားရင် အပြင်ကိုမထွက်ဘဲ လုံခြုံတဲ့နေရာတွေမှာ နေထိုင်ကြဖို့နဲ့ ကိုယ်နဲ့မသက်ဆိုင်ဘဲ မစပ်စုကြဖို့ သတိပေးလိုပြီး အခုတိုက်ခိုက်မှုမှာလည်း ပြည်သူတွေ စပ်စုတာကြောင့် အနည်းငယ် လွဲချော်တာတွေရှိခဲ့လို့ နောက်နောင်မှာတော့ လုပ်ငန်းအောင်မြင်ရေးကိုသာ ဦးစားပေးသွားမယ်လို့ သတိပေးထားပါတယ်။
အလားတူ ရေစကြိုမြို့နယ်ထဲမှာပဲ အမှတ် ၂ စည်ပင်သာယာရပ်ကွက်ထဲက ရုံးပေါင်းစုံဌာနမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၂၁ ရက်မှာ လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ရုံးရှေ့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဖေဖော်ဝါရီ ၂၁ ရက်၊ ည ၁၀ နာရီလောက်က အဝေးပစ် ပုခုံးထမ်းလောင်ချာနဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ Myingyan Black Tiger (MBT) တာဝန်ရှိသူတဦးက ပြောပါတယ်။
“သူတို့က အဲ့ရုံးရှေ့မှာ တပ်စွဲထားတာပါ။ ပထမကတော့ ၄၀ မမ ပစ်တာ၊ error ရှိသွားလို့ လောင်ချာနဲ့ထပ်ပစ်တာ၊ သုံးယောက်လဲကျသွားတာတော့ တွေ့တယ်။”
အဲဒီရုံးပေါင်းစုံဌာနမှာ စစ်ကောင်စီတပ်သား ခန့်မှန်းအင်အား ၂၀၀ လောက်ရှိပြီး ရေစကြိုနဲ့ ပခုက္ကူက အနီးပတ်ဝန်းကျင်ရွာတွေကို စစ်ကြောင်းထိုးပြီး ပြန်လာရင် နားတဲ့စုရပ်အနေနဲ့ တပ်စွဲထားတာလို့ အနီးပတ်ဝန်းကျင်နေ ဒေသခံတွေက ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို Myingyan Black Tiger (MBT) နဲ့ ဒေါင်းသွေးနီ ပြောက်ကျားတပ်ဖွဲ့ (YSO) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပြီးနောက် ဆေးရုံကားရောက်လာပြီး ရေစကြိုဆေးရုံကို ခေါ်ဆောင်သွားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
တိုက်ခိုက်မှုအပြီးမှာတော့ စစ်ကောင်စီတပ်တွေက လိုက်လံပစ်ခတ်တာတွေ ရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေ အကျအဆုံးမရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုတွေအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။