Home
မြန်မာသတင်း
မြန်မာပြည်တွင်း ကြက်သွန်နီဈေးနှုန်း ကျဆင်း
DVB
·
February 21, 2023

ပြည်ပကို တင်ပို့မှု ရှိနေပေမဲ့ ကြက်သွန်နီစျေးနှုန်းတွေ  နှစ်လကျော်ကာလအတွင်းမှာ တစ်ပိဿာကို ကျပ် ၃၀၀၀ ကျော်အထိ ပြန်လည်ကျဆင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းက ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်စျေးကွက်မှာ ကြက်သွန်နီ တစ်ပိဿာကို အမြင့်ဆုံးစျေး ကျပ် ၄၇၀၀ ထိရှိခဲ့ပေမဲ့ လက်တလောမှာတော့ တစ်ပိဿာကို အမြင့်ဆုံးစျေး ၁၆၀၀ ကျပ်ထိ ကျဆင်းနေတာပါ။

ရန်ကုန် လက်လီစျေးကွက်မှာလည်း ပြီးခဲ့တဲ့လအနည်းငယ်က ကြက်သွန်တစ်ပိဿာကို ကျပ် ၆၀၀၀ အထက်အထိ စံချိန်တင် မြင့်တက်ခဲ့ပေမဲ့ အခုအခါ ကျပ် ၃၀၀၀ ဝန်းကျင်အထိ ပြန်ကျဆင်း နေပါတယ်။ တောင်သူစျေး အခင်းစျေးအနေနဲ့ကတော့ ဆိပ်ဖြူ‌ဒေသမှာ တစ်ပိဿာကို ကျပ် ၉၅၀ ဝန်းကျင်သာ ပေါက်စျေးရှိနေတယ်လို့ သိရပါတယ်။

အခုနှစ်မှာ ဓာတ်မြေသြဇာ၊ စက်သုံးဆီနဲ့ အထွေထွေကုန်ကျစရိတ်တွေ ကြီးမြင့်ပြီး စိုက်ပျိုးစရိတ် ပိုကုန်ကျခဲ့တာကြောင့် တစ်ပိဿာကို ကျပ် ၂၀၀၀ ရရှိမှသာ တောင်သူ တွက်ခြေကိုက်နိုင်မယ်လို့ စိုက်ပျိုးတောင်သူတွေထံက သိရပါတယ်။

ဆိပ်ဖြူမြို့နယ်က ကြက်သွန်စိုက်တောင်သူတစ်ဦးက“ ကြက်သွန်စျေးက တောက်လျှောက် ဆင်းနေတာ။ အရင်နှစ်တွေက ဒီစျေးပေါက်ရင်တော့ ဒါမဆိုးဘူပေါ့။ အခုက မြေသြဇာစျေး၊ ဆီစျေးတွေ စျေးကြီးနေတော့ စိုက်စရိတ်က ပိုကြီးလာတယ်။ ဒီကုန်ကျစရိတ်နဲ့ဆို ကြက်သွန်တစ်ပိဿာ ၂၀၀၀ လောက်ဖြစ်မှ တောင်သူ အလုပ်ဆက်လုပ်နိုင်မယ်” လို့ ပြောပါတယ်။

ဒါ့အပြင်လက်ရှိ နိုင်ငံရေးအခြေအနေနဲ့ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ် ကြီးမြင့်မှုကလည်း ပြည်တွင်းကြက်သွန်နီစျေးကွက်အပေါ် သက်ရောက်မှုတွေရှိနေတယ်လို့ ကြက်သွန်ကုန်သည်တွေ ထံက သိရပါတယ်။

မြန်မာနိုင်ငံမှာ ကြက်သွန်နီဧက ၁ ဒသမ ၇ သိန်းကျော် စိုက်ပျိုးပြီး၊ နှစ်စဉ်တန်ချိန် တစ်သန်းကျော် ထွက်ရှိပေမဲ့ ပြည်ပတင်ပို့မှုကတော့ တစ်နှစ်ကို တန်ချိန် တစ်သိန်း ဝန်းကျင်သာရှိတယ်လို့ သိရပါတယ်။

ဒါကြောင့် ကြက်သွန်နီအထွက်နှုန်းနဲ့ ပြည်ပတင်ပို့နိုင်မှုတို့အပေါ် မူတည်ပြီး ကြက်သွန်စျေး အပြောင်းအလဲ ဖြစ်ပေါ်လေ့ ရှိပါတယ်။ လာမယ့် မတ် ၊ ဧပြီနဲ့ မေလတွေ‌‌ကလည်း နွေကြက်သွန်နီ ထွက်ရှိချိန်ဖြစ်ပြီး စျေးလျေ့ာနည်းလေ့ ရှိပါတယ်။

ပြီးခဲ့တဲ့ သီးတင်းပတ်က ပြည်တွင်း ကြက်သွန်နီစျေး တည်ငြိမ်ဖို့နဲ့ ဖိလစ်ပိုင်အပါအဝင် ပြည်ပဈေးကွက်တိုးမြှင့်တင်ပို့နိုင်ဖို့ အတွက် ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ စားဖိုချောင်သီးနှံတွေ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းနဲ့ စစ်ကောင်စီ စီးပွားကူးသန်းဝန်ကြီးဌာန တာဝန်ရှိ သူတွေ တွေ့ဆုံ ဆွေး‌နွေးခဲ့ကြပါတယ်။

ကြက်သွန်ကုန်သည်တစ်ဦးက “ဖိလစ်ပိုင်ကို တင်ပို့မယ်လို့ သတင်းတွေ ထွက်လာတယ်။ တစ်ခြားနိုင်ငံ ဝယ်လက်များများရှိမှ အဆင်ပြေမှာ၊ ပြည်တွင်းသုံးပဲ ဆိုရင်တော့ မလွယ်ဘူး”လို့ မှတ်ချက်ပြုပါတယ်။

မြန်မာနိုင်ငံက ထွက်ရှိတဲ့ ကြက်သွန်ကို ပြည်တွင်းဈေးကွက် အပြင် ပြည်ပဈေးကွက်တွေဖြစ်တဲ့ တရုတ်၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က ဝယ်ယူနေတာပါ။

အခုဘဏ္ဍာနှစ်အတွင်းမှာ ပြည်ပကို ကြက်သွန်နီတန်ချိန် ၈၀၀၀၀ ကျော် တင်ပို့ရောင်းချထားပြီးဖြစ်တယ်လို့ သိရပြီး လာမယ့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာတော့ ပြည်ပကို ကြက်သွန်နီတန်ချိန် တစ်သိန်း တင်ပို့ရောင်းချ သွားဖို့ရှိနေပါတယ်။

မြန်မာကြက်သွန်နီဈေးဟာ ပြီးခဲ့တဲ့ ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်မှာလည်း ကိုဗစ်ရောဂါဂယက်ကြောင့် စိုက်ပျိုးစရိတ် အောက်ထိ ရောက်ခဲ့ရပြီး တောင်သူတွေ အရှုံးပေါ်ခဲ့ရပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024