ထိုင်းတောင်ပိုင်း၊ ရနောင်းခရိုင်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၅ ဦးကို ထိုင်းကားမောင်းသမားတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ရနောင်းဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
ရနောင်းခရိုင်၊ ကရပူရီမြို့နယ်၊ နမ့်ကျစ်အုပ်စုထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းက တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၄ ဦးကို အရင်ဆုံးဖမ်းဆီးရမိခဲ့ပြီး သူတို့ကိုစစ်ဆေးမေးမြန်းချက်အရ တသုတ်ထဲဝင်လာသူတွေ နောက်ထပ်ရှိနေသေးတယ်ဆိုတာကြောင့် လမ်းကြောင်းပေါ်မှာ ဆက်လက်စောင့်ကြပ်စစ်ဆေးခဲ့တယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
ဒါကြောင့် ဖေဖော်ဝါရီ ၁ ရက်မှာ နယ်မြေထဲဝင်ရောက်လာတဲ့ ငွေရောင်တို ယိုတာဟိုင်းလပ်စ် ကား တစီးနောက်ခန်းမှာ လဲလျောင်းအနေအထားနဲ့ လိုက်ပါလာတဲ့ မြန်မာအမျိုးသား ၃ ဦး အမျိုးသမီး ၃ ဦး ပေါင်း ၆ ဦးတို့ကို ဖမ်းမိတာလို့ ဆိုပါတယ်။
ကားမောင်းသူမှာ အသက် ၂၈ နှစ်ရွယ် နိုင်းဒမ်ဆိုသူ ထိုင်းအမျိုးသားဖြစ်ပြီး သူ့ကား ထဲကနေ စိတ်ကြွဆေးပြား ၂ ပြားကိုပါ ဖမ်းမိခဲ့ပါတယ်။
နိုင်းဒမ်က သူဟာ အဆိုပါမြန်မာ ၆ ဦးကို ကရပူရီကနေ ထိုင်းနိုင်ငံအတွင်းပိုင်းကို အခကြေးငွေနဲ့ ပို့ပေးဖို့ ဒဲန်ဆိုတဲ့ အမျိုးသမီးက မက်ဆေ့ဂျာကနေ ဆက်သွယ်တာကြောင့် သွားကြိုခဲ့ကြောင်း သူ့ကိုတော့ အပြင်မှာ မမြင်ဖူးကြောင်း ပြောပါတယ်။
စစ်ဆေးရင်းနဲ့ သူဟာဒီမတိုင်ခင် ဇန်နဝါရီ ၂၈ ရက်နေ့ကလည်း မြန်မာအမျိုးသမီး ၂ ဦးကို ရနောင်းကနေ ချွန်းဖွန်းခရိုင်ပို့ပေးခဲ့ကြောင်း ထွက်ဆိုတာကြောင့် နေအိမ်တစ်လုံးမှာ ပုန်းနေတဲ့ သူတို့ ၂ ယောက်ကိုပါ ဖမ်းဆီးခဲ့ပါတယ်။
တစ်နေ့တည်းမှာဘဲ အဆိုပါလမ်းကြောင်းမှာမောင်းဝင်လာတဲ့ နောက်ထပ် အီဇူးစူးကား ၁ စီးပေါ်ကနေ တရားမဝင် မြန်မာ ၃ ဦးဖမ်းဆီးရမိခဲ့ပါတယ်။ ယာဉ်မောင်းမှာ အသက် ၄၁ ရွယ်ရှိ နိုင်းခယိုဖြစ်ပြီး သူ့ကိုလည်း မေးလ်ဆိုသူ အမျိုးသမီးက လူအကြို ပို့လုပ်ပေးဖို့ အွန်လိုင်းကနေ ဆက်သွယ်လာကြောင်း ရနောင်းခရိုင် ကရပူရီမြို့ ဘန့်ပလိုင်ခေါင်းရွာကနေ ပရကျူပ်ခီရီခန်ခရိုင် ဆာမ်လွဲ့မြို့နယ်သို့ ပို့ဆောင်စဉ် လမ်းမှာ အဖမ်းခံလိုက်ရတာလို့ ဆိုပါတယ်။
တာဝန်ရှိသူက သူတို့အားလုံးကို လဝကဥပဒေနဲ့အရေးယူဖို့ သက်ဆိုင်ရာရဲစခန်းကိုပို့ ဆောင်ထားပြီး နောက်ထပ်ကွင်းဆက်တွေ ဖော်ထုတ်အရေးယူသွားမယ်လို့ ဆိုပါတယ်။