စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အရှေ့ခြမ်းက ပျူစောထီးကျေးရွာတွေဖြစ်တဲ့ မခေါက်ကျေးရွာနဲ့ ဆယ်ပင်ကျွန်းကျေးရွာကို ဇန်နဝါရီ ၃၁ ရက်က ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့လို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Brave Brothers (ပကဖ) ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဒေသခံ ကာကွယ်ရေးတပ်တွေဘက်က လက်လုပ် ၆၀ မမ စိန်ပြောင်းတွေနဲ့ စတင်ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပျူစောထီးနဲ့ စစ်ကောင်စီတပ်တွေက ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် အပြန်အလှန် ၄၅ မိနစ်လောက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီကျေးရွာက ပျူစောထီးနဲ့ စစ်ကောင်စီ ပူးပေါင်းတပ်တွေဟာ အနီးနားက ကုလားမကျေးရွာ၊ လက်ကောက်ကျကျေးရွာနဲ့ ကျောင်းကုန်းကျေးရွာတွေက စစ်ရှောင်ပြည်သူတွေ ကျန်ရှိနေခဲ့တဲ့ ပြည်သူပိုင်နေအိမ်တွေ၊ ပရိဘောဂပစ္စည်းတွေကို လာရောက်ခိုးယူ၊ ရိုက်နှက်ဖျက်ဆီးတာတွေ ရှိနေလို့ တုံ့ပြန်တိုက်ခိုက်တာလို့ Brave Brothers (ပကဖ) ပြောက်ကျားတပ်ဖွဲ့က တိုက်ခိုက်ရေးတာဝန်ခံ ဗိုလ်ကုလားလေးက ဒီဗွီဘီကို ပြောပါတယ်။
ဒါ့အပြင် အဲဒီကျေးရွာတွေက ပျူစောထီးတွေဟာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး အိုးအိမ်စွန့်ခွာ စစ်ရှောင်နေတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို ဖြိုဖျက်တာနဲ့ ရွှေကျင် စက်မျှောတွေမောင်းကာ စီးပွားရေးလုပ်ကိုင်နေတာရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းမှာလည်း နယ်မြေရှင်းလင်းရေး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၃၀ ရက်မှာ ဒေသကာကွယ်ရေး တပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ကောက်ရိုးပုံနဲ့ မြွေပုံကန်ကျေးရွာကြား လမ်းတနေရာမှာ ညနေ ၃ နာရီလောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးသွားတယ်လို့ တောကြီးမြွေပွေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
တောကြီးမြွေပွေးအဖွဲ့ တာဝန်ခံခေါင်းဆောင် ဗိုလ်တီက “အနီးနားက ကျေးရွာတွေကို မီးရှို့ ဖျက်ဆီးတာမျိုး မရှိသေးဘူး။ အဲဒီမိုင်းဆွဲတဲ့နေရာမှာပဲ တပ်စွဲထားတယ်။ ထွက်ရခက်နေပုံပါပဲ” လို့ ပြောပါတယ်။
လတ်တလော စစ်ကောင်စီစစ်ကြောင်းက တပ်စွဲနေတာကြောင့် အနီးနားက ကျေးရွာသားတွေ ဂရုတစိုက် နေထိုင်သွားလာကြဖို့ ဒေသကာကွယ်ရေးတပ်တွေက သတိပေးထားပါတယ်။