Home
ဆောင်းပါး
မင်းအောင်လှိုင် အာဆီယံကနေ ထွက်မှာလား
DVB
·
January 28, 2023

မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ဆိုတာ ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်နေ့မှာ စတင်ခဲ့တယ်ဆိုပေမဲ့ အထူးသံခန့်တာနဲ့ တောင်လှည့် မြောက်လှည့်နဲ့ပဲ ၂၀၂၁ ခုနှစ်ဟာ အချိန်ကုန်သွားခဲ့တယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် အာဆီယံ ထိပ်သီးအစည်းအဝေးကို မင်းအောင်လှိုင် တက်ခွင့်မရတာတခုကတော့ စစ်အုပ်စုကို အထိနာစေခဲ့တယ်။

အာဆီယံဘုံသဘောတူညီချက် ၅ ရပ် စတင်လှုပ်ခတ်လာတာက ၂၀၂၂ ခုနှစ်ရောက်မှပါပဲ။ အာဆီယံရဲ့ ဖွဲ့စည်းပုံအရ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်လာတဲ့နိုင်ငံက အာဆီယံကို တနှစ်တာ ဦးဆောင်မောင်းနှင်ခွင့်ရတာကြောင့် မြန်မာ့အရေးဟာ ၂၀၂၂ ခုနှစ်မှာ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်နဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး၊ မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းလက်ထဲ ရောက်ခဲ့တယ်။

ဟွန်ဆန်ဟာ အာဆီယံဥက္ကဋ္ဌ လုပ်ပိုင်ခွင့်အာဏာကို အသုံးချကာ မင်းအောင်လှိုင်ကို အာဆီယံဇာတ်ခုံပေါ် ပြန်ရောက်လာအောင် စွမ်းစွမ်းတမံ ကြိုးပမ်းခဲ့တယ်။ ဟွန်ဆန်ဟာ အရှေ့တောင်အာရှရဲ့ သက်တော်ရှည် အာဏာရှင်တဦး ဖြစ်တာနဲ့အညီ မြန်မာ့အရေးကို မျက်နှာပေးအမျိုးမျိုး၊ ဗလောင်းဗလဲအစုံအလင်နဲ့ အာဏာရှင်ချင်း ပင်းခဲ့တယ်။ အာဆီယံမူ ၅ ရပ်နဲ့ စစ်အုပ်စုရဲ့ ရှေ့လုပ်ငန်းစဉ် ဆက်စပ်ဖော်ဆောင်ရေးဆိုတာတွေ၊ ကျေးရွာတွေထဲ လက်နက်ကြီးနဲ့ အပစ်မပျက်ဘဲ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်လို့ မင်းအောင်လှိုင် ပြောခဲ့တာတွေကို အာဆီယံနဲ့ နိုင်ငံတကာကြားအောင်  ပြန်ပြောပြတဲ့နည်းနဲ့ မင်းအောင်လှိုင်က မဆိုးပါဘူးဆိုတာမျိုး ထုတ်ရှိုးခဲ့တယ်။

ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး၊ မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်း ဆိုရင်လည်း နေပြည်တော် သွားချင်လိုက်တာမှ နန့်နန့်ကိုတက်လို့။ NLD အကြီးအကဲ တယောက်ယောက်နဲ့ပဲ တွေ့ခွင့်ရတော့မှာလိုလို၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ပဲ ဒီတခေါက် တွေ့ရတော့မှာ သေချာသလိုနဲ့ မျှော်လင့်ချက်တွေပေးကာ နေပြည်တော် ရောက်တော့လည်း မင်းအောင်လှိုင် တွေ့ခိုင်းတဲ့သူတွေနဲ့သာ တွေ့ပြီး လက်ချည်းဗလာနဲ့ ဖနွမ်းပင်ကို ကုပ်ချောင်းချောင်း ပြန်ခဲ့ရတာချည်းပါပဲ။

မင်းအောင်လှိုင်ကတော့ သူ့အပေါ် ဟွန်ဆန်တို့ကောင်းခဲ့သမျှ နည်းနည်းလေးတောင် ပြန်ထောက်ထားတာမျိုး မရှိခဲ့ဘူး။ ဟွန်ဆန်ကို နိုင်ငံတကာအလယ် အကြီးအကျယ် မျက်နှာပျက်စေတဲ့ ပထမတချက်က ၈၈ မျိုးဆက်ခေါင်းဆောင် ကိုဂျင်မီ အပါအဝင် တက်ကြွလှုပ်ရှားသူ ၄ ဦးကို အင်းစိန်ထောင်ထဲ ခိုးကြောင်ခိုးဝှက် သတ်ပစ်ခဲ့ခြင်းပါပဲ။

မသတ်ခင် သတ်မယ်တကဲကဲ လုပ်နေတဲ့ကာလမှာ ဟွန်ဆန်က အာဆီယံအလှည့်ကျဥက္ကဋ္ဌ အနေနဲ့ သေဒဏ်မပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ မင်းအောင်လှိုင်ကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ သူလုပ်ချင်တာကို စုံလုံးကန်း လုပ်ပြခဲ့ပါတယ်။ မင်းအောင်လှိုင်ရဲ့ မျှော်လင့်ချက်က အမှန်တကယ် သေဒဏ်ပေးပြလိုက်ရင် PDF တွေ ကြောက်သွားမလား ဆိုတာပါပဲ။ သေဒဏ်မပေးလည်း အချိန်မရွေး နေရာမရွေးမှာ နေ့စဉ် အသတ်ခံနေရတာကို မင်းအောင်လှိုင် ထည့်စဉ်းစားမိနိုင်ပေမဲ့ PDF လူငယ်တွေအပေါ် အငြိုးကြီးလွန်းတဲ့စိတ်ကို မထိန်းနိုင်ခဲ့လေတော့ မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတဲ့ မူအတိုင်း လုပ်ရဲပြလိုက်ခြင်းပါပဲ။ သေဒဏ်ကြောင့် ဘာဖြစ်လာသလဲဆိုတော့ သူမျှော်လင့်ထားသလို PDF တွေ ကြောက်မလာဘဲ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပြစ်တင်ရှုတ်ချခြင်းကို နင့်နေအောင်ခံလိုက်ရတာပဲ အဖတ်တင်ခဲ့ပါတယ်။

နောက်ထပ် ဟွန်ဆန်ကို မျက်နှာပျက်စေခဲ့တာက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ထားရာ နေရာကနေ နေပြည်တော်အချုပ်ထောင်ထဲ ပို့လိုက်ခြင်းပါပဲ။ ဘာကြောင့် အဲဒီလို လုပ်ရပြန်တာလဲဆိုတော့ သူ လုပ်လိုတဲ့တခုခုကို ဒေါ်အောင်ဆန်းစုကြည် လက်ခံဖို့ သွားပြောရာမှာ ပယ်ချခံလိုက်ရတာကြောင့် စိတ်မထိန်းနိုင်တဲ့ မင်းအောင်လှိုင်က မိုက်သွေးကြွယ်ပြလိုက်ခြင်းလို့ ထင်ရပါတယ်။

ဒီဇင်ဘာ ၂၁ ရက်နေ့၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးမှာ မြန်မာ့အရေး ဆုံးဖြတ်ချက်-၂၆၆၉ ကို ကန့်ကွက်သူမရှိ အတည်ပြုလိုက်တော့ နိုင်ငံရေးမူလတန်းအဆင့်မှာ မော်ဒေးရှင်းနဲ့ပင် မအောင်တဲ့ မင်းအောင်လှိုင်က ဆတ်ဆတ်ထိမခံ ပယ်ချလိုက်ပြန်ပါတယ်။

၂၀၂၃ ခုနှစ်ရဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက မြန်မာ့အရေး ဖြေရှင်းဖို့ သက်ဆိုင်သူအားလုံးနဲ့ ဆွေးနွေးသွားမယ်လို့ ဇန်နဝါရီ ၁၁ ရက်နေ့မှာ ပြောကြားလိုက်တဲ့အခါ စစ်အုပ်စုက ချက်ချင်းဆိုသလို အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးကို လှမ်းသတိပေးပါတယ်။ သူတို့က အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ အဖွဲ့အစည်းတွေနဲ့ မဆက်ဆံနဲ့လို့ ဆိုလိုက်ပါတယ်။ တည့်တည့်ပြောရရင် NUG အစိုးရနဲ့ လုံးဝမဆက်ဆံနဲ့လို့ လှမ်းငေါက်လိုက်တာပါပဲ။

အာဆီယံမူ ၅ ရပ်ရဲ့ အဓိကအကျဆုံးအချက် ၂ ချက်က အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့နဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့ အဖြေတခုရအောင် သက်ဆိုင်သူအားလုံး အပြုသဘော ဆွေးနွေးကြဖို့ပဲ ဖြစ်ပါတယ်။ မြန်မာ့အရေး သက်ဆိုင်သူအားလုံးထဲမှာ အဓိကကျတာက NUG အစိုးရပဲ ဖြစ်ပါတယ်။ စစ်အုပ်စုက NUG အစိုးရနဲ့ ဆွေးနွေးဖို့မပြောနဲ့ အာဆီယံအနေနဲ့တောင် NUG အစိုးရနဲ့ မဆက်ဆံဖို့ ငေါက်ငမ်းနေတယ်ဆိုတော့ အာဆီယံမူ ၅ ရပ်ဟာ ပွဲပြီးသွားပြီလို့ ဆိုရပါမယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားက ရှင်းပါတယ်။ အင်ဒိုနီးရှားဟာ စစ်အုပ်စုမျက်နှာကို ထောက်ထားနေမှာမဟုတ်ဘဲ မူ ၅ ရပ်ကို မူ ၅ ရပ်နဲ့အညီ ကိုင်တွယ်သွားမှာ သေချာနေတော့ NUG အစိုးရနဲ့ တရားဝင်တွေ့ဆုံမှာ သေချာသလောက်ရှိပါတယ်။

အဲဒီလို တွေ့ဆုံလိုက်တာနဲ့တပြိုင်နက် အမျက်အိုးပေါက်ကွဲရတာကို အဟုတ်ကြီးထင်နေတဲ့ မင်းအောင်လှိုင်က အာဆီယံကနေ နုတ်ထွက်တော့မှာဖြစ်ကြောင်း မာမာထန်ထန် ခြိမ်းခြောက်လာနိုင်ပါတယ်။ အဲဒီအချိန်ကျရင် အာဆီယံမှာ ဒီမိုကရေစီ အရေခြုံထားတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့က အာဆီယံ စည်းလုံးညီညွတ်ရေးလို့ ကြွေးကြော်ကာ မျက်ပြူးဆန်ကာ လုပ်ပြလာဖွယ် ရှိပါတယ်။

မင်းအောင်လှိုင်ကတော့ သူ့အာဏာတည်မြဲရေးလမ်းကနေ တလှမ်းတောင် အရွေ့ခံမှာ မဟုတ်တဲ့အတွက် ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ရဲ့ အာဆီယံစည်းလုံးညီညွတ်ရေးဒီဘိတ်ဟာ အလုပ်ဖြစ်လာစရာအကြောင်း မမြင်ပေမဲ့ မင်းအောင်လှိုင်အတွက် အချိန်တခုဆွဲပေးသလို ဖြစ်သွားနိုင်ပါတယ်။

မင်းအောင်လှိုင် အာဆီယံကနေ နုတ်ထွက်မယ့်အပေါ် အာဆီယံအနေနဲ့ ဘယ်လို သဘောထားပေးကြမလဲဆိုတာ စိတ်ဝင်စားစရာပါ။ အမေရိကန်ကတော့ အလုပ်မဖြစ်မှာ သေချာနေတဲ့ အာဆီယံမူ ၅ ရပ်ကို ကြိုတွေးပြီး Burma Act ကို ကြိုပြင်ထားလိုက်ပုံပါပဲ။

အာဆီယံကတော့ အာဆီယံမူ ၅ ရပ်အလွန်မှာ မြန်မာ့အရေး ဘယ်လိုရှေ့ဆက်မလဲဆိုတာ တွေးကြည့်မိပုံ မပေါ်သေးပါဘူး။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024