Home
မြန်မာသတင်း
ကလေးPDF က “ပေးဆပ်သူတို့ရဲ့ အိမ်ပြန်လမ်း” မဲအစောင်ရေ ၃,၀၀၀ ရောင်းချနေ
DVB
·
January 27, 2023

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အ‌ခြေစိုက်၊ ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တပ်ရင်းတခုဖြစ်တဲ့ ကလေး PDF တပ်ရင်း-၆ က တော်လှန်ရေးမှာ အဓိကကျတဲ့ လက်နက်ဝယ်ယူနိုင်ရေးအတွက် “ပေးဆပ်သူတို့ရဲ့အိမ်ပြန်လမ်း” မဲအစောင်ရေ ၃,၀၀၀ ပရောဂျက် ပြုလုပ်နေပါတယ်။

စစ်ကောင်စီကို ခုခံတော်လှန်ဖို့ လက်နက်ခဲယမ်းဝယ်ယူနိုင်ရေး ရန်ပုံငွေအင်အားနည်းလာတာကြောင့် ရန်ပုံငွေရှာတဲ့အနေနဲ့ အခုလို ပရောဂျက် ပြုလုပ်ရတာလို့ ကလေး PDF အဖွဲ့ဝင် မချောစုအောင်က ပြောပါတယ်။

အဆိုပါကံစမ်းမဲမှာ မဲပေါက်တဲ့သူတွေအတွက် ပထမဆုအနေနဲ့ ပေးဆပ်သူတို့ရဲ့အိမ်ပြန်လမ်း ပန်ချီကား၊ ဒုတိယဆုအနေနဲ့ iPhone 14 pro 128gb နဲ့ တတိယဆုအတွက်ကတော့ ၁၀ သိန်းတန် ရွှေဆွဲကြိုးတကုံး၊ တခြားနှစ်သိမ့်ဆုတွေအနေနဲ့ ၂ သိန်းတန်လက်စွပ် ၅ ခု စီစဉ်ထားတယ်လို့ ဆိုပါတယ်။

“ပေးဆပ်သူတို့ရဲ့ အိမ်ပြန်လမ်း” ကံစမ်းမဲလက်မှတ်ကို အမေရိကန်၊ ဂျပန်၊ စင်ကာပူ၊ တောင်ကိုရီးယား စတဲ့ ပြည်တွင်းပြည်ပက မြန်မာနိုင်ငံသားတွေ ဝယ်ယူအားပေးနိုင်ပြီး ကံစမ်းမဲတစောင်ကို မြန်မာငွေ ၂၀,၀၀၀ ကျပ် ကျသင့်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ကလေးခရိုင် အမှတ်-၆ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ကိုဂျပန်ကြီးက “ကျနော်တို့ ကံစမ်းမဲရောင်းချနေတာ တပတ်ရှိပါပြီ။‌ အစောင်ရေ ၇၀၀ ပဲ ရောင်းချရသေးပါတယ်။ ကံစမ်းမဲလက်မှတ်တွေ ဝယ်ယူအားပေးကြပါ။ ကျနော်တို့ အသက်ပေးပြီး စစ်အာဏာရှင်ကို တိုက်ထုတ်ပါ့မယ်။ မိဘပြည်သူ‌တွေအနေနဲ့ မိမိတို့တပ်ရင်းကို ကူညီတဲ့အနေနဲ့ ဝယ်ယူအားပေးကြဖို့နဲ့ မဲအစောင်ရေ ၃,၀၀၀ ပြည့်မှသာ ကံစမ်းမဲဖွင့်ပေးမှာဖြစ်တယ်”လို့ ပြောပါတယ်။

ကလေး PDF တပ်ရင်း-၆ က တပ်ဖွဲ့ဝင်တွေဟာ တခြား မြေပြင်မှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူပူးပေါင်းပြီး စစ်အာဏာရှင်ကို တိုက်ခိုက်နေတဲ့အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024