ရုရှားနှင့် အီရန် လွှတ်တော်ဥက္ကဋ္ဌများ တွေ့ဆုံ

ရုရှားလွှတ်တော်ဥက္ကဋ္ဌ ဗယီးချစ္စလက် ဗိုလိုဒင်ဟာ အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟမ်မဒ် ဘာကာ ကာလီဘတ်ဖ်နဲ့ ဇန်နဝါရီ ၂၃ ရက်က အီရန်မြို့တော် တီဟီရန်မှာ တွေ့ဆုံခဲ့ပါတယ်။

ရုရှားလွှတ်တော်ကော်မတီ အကြီးအကဲတွေက နှစ်နိုင်ငံလွှတ်တော်တွေအကြား ဆက်ဆံရေး တိုးတက်မှုကို ဆွေးနွေးဖို့ စီစဉ်ထားတဲ့ အီရန်နဲ့ ရုရှားကြား တတိယအကြိမ် ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးကိုတက်ဖို့ အီရန်နိုင်ငံဆီ နှစ်ရက်ကြာခရီးစဉ်မှာ ဗိုလိုဒင်နဲ့အတူ လိုက်လာခဲ့တာပါ။

အီရန်လွှတ်တော်ဥက္ကဋ္ဌက သူတို့နိုင်ငံတွေအပေါ် အမေရိကန်က ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ အီရန်နှင့် ရုရှားဆက်ဆံရေးအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုနဲ့ ဖိအားဖြစ်တယ်လို့ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အနောက်နိုင်ငံက ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ အီရန်နဲ့ ရုရှားတို့ ပိုစည်းလုံးဖို့သာ အထောက်အကူဖြစ်တယ်လို့ ရုရှားလွှတ်တော်ဥက္ကဋ္ဌက ပြောပါတယ်။

သမ္မတ ဗလာဒီမာပူတင်ရဲ့ ရင်းနှီးတဲ့ ဗိုလိုဒင်က ယူကရိန်းအပေါ် အမေရိကန်နဲ့ နေတိုးရဲ့ ပံ့ပိုးကူညီမှုဟာ ကမ္ဘာကြီးကို ဆိုးရွားတဲ့စစ်ပွဲဆီ ဦးတည်နေတယ်လို့ သတိပေးခဲ့ပါတယ်။

ရုရှားရဲ့နယ်မြေတွေကို ခြိမ်းခြောက်နေတဲ့ ယူကရိန်းအစိုးရဆီ ထိုးစစ်အတွက် လက်နက်တွေ ပေးပို့တာဟာ ကမ္ဘာလုံးဆိုင်ရာ ကပ်ဆိုးကြီးဆီကို ဦးတည်သွားစေပြီး ခုခံကာကွယ်နိုင်စွမ်း မရှိတဲ့ အစုလိုက်အပြုံလိုက် ပျက်စီးမယ့် လက်နက်တွေ သုံးတာကို ဆန့်ကျင်သွားမယ်လို့လည်း သူကပြောပါတယ်။

အသက် ၅၈ နှစ်အရွယ် ဗိုလိုဒင်ဟာ ၂၀၁၆ ခုနှစ်ကတည်းက အောက်လွှတ်တော်ဥက္ကဋ္ဌဖြစ်ခဲ့ပြီး သမ္မတအုပ်ချုပ်ရေးမှာ အကြီးတန်းတာဝန် ယူထားသူဖြစ်ပြီး ပူတင်ရဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တဦးအနေနဲ့ သူဟာ သမ္မတဆီ ပုံမှန်ဝင်ရောက်ခွင့် ရှိနေပါတယ်။

More News
Up