ထိုင်းနိုင်ငံတွင် စိတ်ကြွဆေးပြား ၁ တန်ကျော် ဖမ်းမိ

အိမ်နီးချင်းနိုင်ငံတွေနဲ့ တခြားနိုင်ငံတွေကို ပို့ဆောင်မယ့် မက်သာဖက်တမင်း အိုက်စ် စိတ်ကြွဆေးပြား ၁ တန်ကျော်ကို ဇန်နဝါရီလဆန်းပိုင်းက ကြားဖြတ် ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၄ ရက်မှာ ပြောပါတယ်။

၁ ဒသမ ၁၄၅ တန်ရှိတဲ့ အိုက်စ်မူးယစ်ဆေးပြားတွေကို လက်ဖက်ရည်ထုပ်တွေနဲ့ ကော်ဖီထုပ်တွေထဲမှာ ထည့်ထားတာဖြစ်ပြီး မော်တော်ယာဉ်တွေရဲ့ လျှို့ဝှက်အစိတ်အပိုင်းနေရာတွေမှာ ဝှက်ထားကြတာလို့ ဆိုပါတယ်။

မြောက်ပိုင်းနဲ့ အရှေ့မြောက်ဒေသတို့ကနေ သယ်ယူလာကြတဲ့ အဲဒီမူးယစ်ဆေးဝါးတွေကို တောင်ဘက်နယ်စပ်ဒေသတွေဆီပို့ဖို့ ဦးတည်နေကြောင်း မူးယစ်နှိမ်နင်းရေးဗျူရိုရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိမှာ အဆင့်မြင့်နည်းပညာတွေသုံးပြီးတော့ တရားမဝင် မူးယစ်ဆေးဝါးတွေကို အစုလိုက် အပြုံလိုက် ထုတ်လုပ်ထားတာဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး အဆင်ပြေတာကြောင့် ထိုင်းနိုင်ငံကနေတဆင့် တခြားနိုင်ငံတွေကို ခရစ္စတယ်လ် မက်သ်တွေ တင်ပို့ကြတာလို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ရဲ့ လက်ထောက်ကော်မရှင်နာချုပ် ပရဲ့ကျွာ့ဘ် ဝုန်ဆုခ် က ပြောပါတယ်။

ဒါကြောင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု လမ်းကြောင်းအမျိုးမျိုးကနေ ဖြတ်ကျော်ဝင်ရောက်လာတာကနေ ကာကွယ်ဖို့ အာဏာပိုင်တွေဟာ နယ်စပ်၊ မှောင်ခိုလမ်းကြောင်းတွေနဲ့ သိုလှောင်မှုလမ်းကြောင်းတိုင်းမှာ ပိုတင်းကျပ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဒီအမှုမှာ သံသယရှိသူ ၆ ဦးကို ဖမ်းဆီးထားပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ တခြားတရားခံပြေးတွေကို ရှာဖွေဖို့ ဆက်လုပ်ဆောင်နေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

မူးယစ်ဆေးရောင်းဝယ်သူတွေ မကြာခဏ တင်ပို့တတ်လေ့ရှိတဲ့ ထိုင်ဝမ်ကျွန်းက ရဲတပ်ဖွဲ့နဲ့ အတူတကွ လုပ်ဆောင်နေပြီး ရဲတပ်ဖွဲ့အချင်းချင်း သတင်းအချက်အလက်တွေကို တချိန်လုံး ဖလှယ်ကြကြောင်းလည်း ပြောပါတယ်။

More News
Up