Home
မြန်မာသတင်း
ဒီးမော့ဆိုတွင် တိုက်ပွဲပြင်းထန်၊ နှစ်ဖက်တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံး
DVB
·
January 23, 2023

ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်ကျေးရွာအနီး ဇန်နဝါရီ ၂၃ ရက် ဒီနေ့မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ကရင်နီပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ ရှိနေတယ်လို့ KNDF တပ်ဖွဲ့ထံက သိရပါတယ်။

ဒီကနေ့တိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF-10 က ရဲဘော်တဦး အပါအဝင် ပူးပေါင်းတပ်ဘက်က ၃ ဦးကျဆုံးသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ဘက်လည်း ထိခိုက်ကျဆုံးမှုတွေရှိပေမဲ့ အသေးစိတ်ကို မသိရသေးဘူးလို့ KNDF ရဲဘော်တဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က ထိုးစစ်ဝင်ရောက်မှုကြောင့် ဒီးမော့ဆိုအရှေ့ဘက်က နန်းဟူးကျေးရွာနဲ့ အနီးပတ်ဝန်းကျင်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး လွိုင်ကော်-ဒေါဒမကြီးလမ်း ဖြတ်သန်းသွားလာမှု ရပ်ဆိုင်းခဲ့ရပါတယ်။

အခုရက်ပိုင်း အထူးသဖြင့် ညနေပိုင်းမှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေ လာရောက်ပျံသန်းနေတာ ရှိတယ်လို့ ဆိုပါတယ်။

မနေ့ ဇန်နဝါရီ ၂၂ ရက် ည ၈ နာရီခွဲဝန်းကျင်လောက်မှာလည်း  စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒီးမော့ဆိုမြို့နယ်က ကျေးရွာတခုမှာ ကျရောက်ပေါက်ကွဲခဲ့လို့ အသက် ၅ နှစ်အောက် ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရသလို မိခင်ဖြစ်သူလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။

လွိုင်ကော်မြို့ ဖာ့တီမာ မယ်တော်ဂူမှာလည်း ဇန်နဝါရီ ၁၉ ရက်ကစပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

ဇန်နဝါရီ ၂၀ ရက်နေ့မှာတော့ ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအနီး မယ်စလောင်းတောင်ကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ပါတယ်။

အဆိုပါ မယ်စလောင်းတောင်စခန်းဟာ စစ်ကောင်စီရဲ့ အမာခံတပ်စခန်းဖြစ်ပြီး အရင်ကတည်းက တိုက်ခိုက်ခံရပေမဲ့ သိမ်းပိုက်နိုင်ခဲ့ခြင်းမရှိတဲ့ တပ်စခန်းဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024