နေနှယ်လမျိုး၊ ငါတို့ကိုးသည့်
“တင်မိုး” မည်ခေါ်၊ စာဆိုတော်မွန်
ကွယ်လွန်ခဲ့ရာ၊ တဆယ့်ခြောက်နှစ်
ကြာပြီဖြစ်လည်း၊ ခေတ်မီဆဲပါ
သူ့ကဗျာများ၊ သူငါရွတ်မြဲ
နွေဦးထဲတွင်၊ တိုက်ပွဲရှေ့ပြေး
စစ်ချီတေးများပါတကား။ ။
၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်က အမေရိကန်နိုင်ငံမှာ ဆရာတင်မိုး ကွယ်လွန်ခဲ့တယ်။ အခု ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်မှာ ၁၆ နှစ်ကြာခဲ့ပါပြီ။ သူ့ကို လွမ်းနေ၊ လွမ်းလေသမျှ သူ့ကဗျာတွေကို ရှာဖတ်နေမိတော့ သူဟာ ဒီနေ့ နွေဦးတော်လှန်ရေးကြီးအတွက်များ ကြိုရေးသွားလေသလား ထင်မိတယ်။ သူ့ကဗျာတွေဟာ သူ မရှိတဲ့နောက် ၁၆ နှစ်အထိ ခေတ်မီဆဲ၊ သစ်နေဆဲ။
ပလ္လင်ပေါ်ကဆင်း
ဟိတ်...ခေတ်သူခိုး ဓားပြဆိုတဲ့
စစ်အစိုးရ...
လက်နက်ချဟေ့...မင်းလက်နက်ချ။
တို့မှာက ချစရာလက်နက်ဆိုလို့
အပ်တိုတချောင်းမှမရှိ၊ နေသိ လသိ ကမ္ဘာသိ။
မင်းက လက်နက်ခဲယမ်းတွေနဲ့
အမြဲတမ်း ပွဲကြမ်းနေတဲ့ကောင်။
မင်းယုံစားတဲ့ အင်အားက
လှံဓား လက်နက်
ရက်စက်မှုအပေါင်း သရဖူဆောင်းနေတဲ့
အင်အား။
တို့လက်နက်က အမှန်တရား
လူထုရဲ့ အင်အား။
တို့ယုံစားတာက မေတ္တာအထုနဲ့
လွတ်လပ်မှု။
ကမ္ဘာ့တရားခွင်မှာ မင်းနဲ့ပြိုင်ပြီး တင်ရဲတယ်
ပလ္လင်ပေါ်က ဆင်းစမ်းဟေ့။
တင်မိုး
၄-၆-၂၀၁၃ (ဗုဒ္ဓဟူးနေ့ နံနက်ခင်း)
ကျနော်နဲ့ ဆရာတင်မိုးဟာ DVB အသံလွှင့်ရုံရှိရာ နော်ဝေနိုင်ငံ အော်စလိုမြို့မှာ အတူနေခဲ့ကြဖူးတယ်။ သူ မြန်မာပြည်ကနေ စထွက်လာကာစ ၁၉၉၈ ခုနှစ်လောက်ကပေါ့။ သူဟာ ကဗျာကို နေ့တိုင်းလိုလို ရေးနေတတ်တယ်။ လက်ဖက်ရည်သောက်ရင်း ဆေးလိပ်ဖွာရင်းက စာစီနေတတ်တာ တွေ့ရတယ်။ သူ တွေတွေကြီး ငေးနေ စဉ်းစားနေတာ မြင်ရရင်တော့ သူ ကဗျာရေးတော့မယ်ဆိုတာ ကျနော်သိနေခဲ့တယ်။ နောက် သူက ဟင်းခနဲ သက်ပြင်းကြီးချပြီး သူ့အိပ်ခန်းထဲ ဝင်သွား၊ ကော်ပီစာအုပ်ဖွင့် ဘောပင်ကိုင် ရေးနေတော့တာ။ DVB အသံလွှင့်ဌာနအကြောင်း ‘နှင်းတောင်ပေါ်ကအသံ’ ကဗျာဟာ အော်စလိုက သူ့အိပ်ခန်းမှာ ရေးတာပေါ့။ သူက ရေးပြီးရင် အခန်းထဲကနေထွက်လာပြီး ရေးပြီးခါစ အသစ်စက်စက် ကဗျာတွေကို အသံနေ အသံထားနဲ့ ဆေးလိပ်ဖွာရင်း ဖတ်ပြခဲ့တာ။ ပြည်ပရောက် သူ့ကဗျာတွေဟာ စစ်လောင်းရိပ်ကင်း၊ ပွင့်ပွင့်လင်းလင်း၊ တော်လှန်ခြင်းတွေချည်းကို ဖြစ်နေတော့တာပါ။ ဒါပေမဲ့ သူ့ရဲ့တော်လှန်ကဗျာတွေဟာ ပြည်ပကိုရောက်မှ ရေးတာတွေချည်းတော့မဟုတ်။ ပြည်တွင်းပြည်ပ နေရာမရွေး စိတ်ကူးပေါ်တိုင်း ရေးခဲ့တာချည်းပါ။
ကဲ . . . နောက်တပုဒ် ဖတ်ကြည့်ပါဦး။ ဒီနေ့ဖြစ်နေတဲ့ နွေဦးတော်လှန်ရေးက ဓမ္မ အဓမ္မ တိုက်ပွဲမှာ ဓမ္မဘက်သားတွေနဲ့ အဓမ္မဘက်သားတွေကို စည်းသားပြီး ခွဲခြားပြနေသလိုပါပဲ။ အဲ့သည် သူ့ရဲ့ “စည်း” ကဗျာဟာလည်း ဒီနေ့ နွေဦးတိုက်ပွဲမှာ ဖြစ်နေကြတဲ့ ရန်သူ့ဘက် ကိုယ့်ဘက် စည်းရိုးကို ထင်ထင်ရှားရှား မြင်စေအောင် မီးမောင်းထိုးနေသလို။
စည်း
တရားက တရား
အမှားက အမှားပဲ
လှည့်စားလုပ်ကြံလို့ မရနိုင်ဘူး။
အမှန်က အမှန်
ရန်က ရန်ပဲ
ဟန်ဆောင်ရုပ်ပြောင်းလို့ မရနိုင်ဘူး။
ဆီဟာ ဆီ
ရေဟာ ရေပဲ
အရည်အတူတူပဲလို့
မည်သူ့မည်သူကမှ မတွဲနိုင်ဘူး။
လောကမှာ “စည်း” ဆိုတာရှိတယ်။
ဘီလူးစည်း လူ့စည်းခြားမှ
ပြတ်သားစွာ လမ်းရှင်း
အလင်းက လမ်းဖောက်လို့
စခန်းပေါက် ဖြစ်မယ် ။ ။
တင်မိုး
ဆရာဟာ စာပေဗိမာန်ဆု၊ အမျိုးသားစာပေဆု၊ စာပေယဉ်ကျေးမှု အထိမ်းအမှတ်ဆု (Prince Claus Award) ဆုတွေ ရခဲ့သူပါ။ ဒီလို ကျေးဇူးရှင် စာဆိုတော်ကြီးကို ပြည်သူက ချစ်ကြည်ညိုပေမဲ့ စစ်အာဏာရှင်ကတော့ သူ့ကဗျာတွေကို ရှာဖွေသိမ်းဆည်းထားပြီး …
သူပုန်ထစေ၊ ကဗျာတွေကို
ရေးနေမှုက၊ ထောင်သို့ချခဲ့၏။ ။
ဆိုသလို ကဝိကြီးကို ရက်ရက်စက်စက် ထောင် ၄ နှစ်ချခဲ့ပါတယ်။ သူကတော့ ဘာမှမကြောက် ရေးနေခဲ့တာပါ။ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ရေးခဲ့တဲ့ သူ့ရဲ့ ‘တပ်လှန့်သံ’ ကဗျာဆိုရင် အာဏာရှင်ကြီး ဦးနေဝင်းကို ဦးတည်ပြီး တိုက်ခိုက် ရေးသားထားခဲ့တာပါ။ ဒါပေမဲ့ လက်ရှိ စစ်ကောင်စီခေါင်းဆောင်တွေကို ရည်ရွယ်ပြောနေတာလို့လည်း မြင်ပါတယ်။ နွေဦးတော်လှန်ရေး တိုက်ပွဲအတွက် သူ မကွယ်လွန်မီ ကြိုရေးထားခဲ့သလားပဲ။ လွန်ခဲ့သော အနှစ် ၂၀ ကျော်က ရေးခဲ့တဲ့ ဒီနေ့အတွက် တိုက်ပွဲဝင်ကဗျာ။ ဆရာကြီး ဦးတင်မိုးရဲ့ ရဲရဲတောက် ‘တပ်လှန့်သံ’ ကဗျာ။ ဖတ်ကြည့်ကြပါ။
တပ်လှန့်သံ (တင်မိုး)
တခေတ်မှာ တဘုရင်
စစ်အာဏာရှင် ဗိုလ်နေဝင်းတဲ့
တို့တတွေရဲ့ သေမင်းပါပဲ၊
အလောင်းတွေခင်း ခေါင်းတွေနင်းပြီးတော့
သေမင်းက အဘခေါ်ရအောင်
ရက်စက်ပြခဲ့တယ်။
တိုင်းရင်းသားတွေအပေါ်မှာလည်း
အရိုင်းမင်းတပါးလို ကျင့်ကြံ
တာတေလန် ဖက်ဆစ်
ဆိုးညစ်ပေ့ ကမ်းကုန်
လမ်းမျိုးစုံ သောင်းကျန်း
ပေါ်တာထမ်း မလျော်ရာစခန်း
ဘော်ဒါလမ်းက တရွေ့ရွေ့
မရွေ့ရင် မီးရှို့
သင်တို့တတွေ ထင်ရာစိုင်း
ရိုင်းသမျှ ခံရတယ်။
အများအကျိုးအတွက်
တအားကိုးရမယ်မှတ်ပါ့
အစိုးရဆိုတာ သူခိုးဓားပြထက်
ဆိုးလှပါတကားလို့
တို့များအမြင်မှောက်
အထင်ရောက်ခဲ့ရပါတယ်။
ပြည်ထောင်စုသမိုင်းမှာ
ဒီကောင်လောက်ရိုင်းတာ ရှိမယ်မထင်ဘူး။
ပြည်ထောင်စုသား မျိုးမစစ်တဲ့
သူခိုးညစ် စစ်ဘုရင်
ဗိုလ်နေဝင်းရဲ့ တပည့်တပန်းတွေကို
အမြစ်အရင်းမကျန် တွန်းလှန်မှ
တို့တိုင်းပြည် အမှန်လှမှာမို့
မြန်မာတိုင်းရင်းသားအပေါင်း
လွတ်ကြောင်းအမှန်
ခွပ်ဒေါင်းအလံ လွှင့်ကြစို့။
ပြည်သူတွေ တခဲနက်
ညီညွတ်မှု လက်နက်နဲ့
ရက်မဆွဲပဲ လက်တွဲတိုက်ပွဲဝင်ကြစို့။
သင်းတို့တရက် အသက်ရှည်ရင်
ငါတို့အတွက် အသက်သေပြီး
ရတက်ပွေ အခက်ဝေလိမ့်မယ်။
ရက်မရှည်ကြစေဖို့
လက်တွေဆန့် တပ်လှန့်မောင်းထုတ်ကြပါစို့။
(တင်မိုး) ၂၈-၁၁-၂၀၀၁ (အိပ်မက်တိုင်းပြည်ကဗျာစာအုပ်မှ)
“မှိုင်းမှုန်ပြာရီဝေ” တဲ့။ ကိုယ့်ရပ်ဒေသဟာ မလင်းဘူး။ မှိုင်းနေတယ်။ မှောင်နေတယ်။ နောက်ပြီးတော့ မရှင်းဘူး။ ပြတ်ပြတ်ထင်ထင် မရှိဘူး။ အခု စစ်ကောင်စီ အာဏာသိမ်းထားတဲ့ ကာလလိုပေါ့။ အမှန်ကိုမမြင်နိုင်ဘူး။ အရာရာမှုန်နေတယ်။ ဝါးနေတယ်။ လိမ်နေတယ်။ ညာနေတယ်။
မုသားဝါဒ၊ စစ်ကာလဝယ်
မြင်ရသည်များ၊ အကုန်မှားနေ
များထွေကိုယ်ကျိုး နည်းကြောင်းတည်း။ ။ လို့ ပြောရမလိုကို ဖြစ်နေတာပါ့။ အခုလက်ရှိ အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်း မြန်မာပြည်ရဲ့မြင်ကွင်းကို ထင်ဟပ်စေမယ့် ဆယ်စုနှစ်တွေ အကြာက ကြိုရေးထားတဲ့ သူ့ကဗျာတပုဒ်ပေါ့။
မှိုင်းမှုန်ပြာရီဝေ (တင်မိုး)
တရားမျှတ လွတ်လပ်ခြင်းကို
စစ်ဖိနပ်နဲ့ တက်နင်းပြီး
အမျိုးသားသီချင်းတွေ သီဆိုနေ။
ပြည်သူတွေရဲ့ အုံကြွမှုကို
စနစ်တကျ ချေမှုန်း
ဘုန်းကြီးပြ ဘုရားပြ
တရားဓမ္မတွေ အသံမစဲ
ရန်ပွဲ မရှိသကဲ့သို့
ဖုံးဖိနေ။
တရုတ်ကားတွေ ပြ
အလုပ်သမားတွေ မဝ
သိုင်းကားတွေ ပြ
အရိုင်းများ ဒေသ
ဘယ်ကား ပြပြ
လယ်သမားတွေလည်း မဝ
ကမောက်ကမ နိုင်ငံ
မလောက်မင နိုင်ငံ
ကြောက်စရာ့ နိုင်ငံ
အမှန်တရား ပျောက်ဆုံးနေ။
ဆင်းရဲသားတို့နေရာ
လူစုခွဲကာ နေရာပြောင်း
ဟိုပြောင်း သည်ပြောင်း
အပြောင်းအရွှေ့တွေနဲ့ အလုပ်ရှုပ်
တဲပုတ်မှ တိုက်ပေါ်တက် … တဲ့
လယ်ကွက်တွေ မြို့သစ်တည်
ကသီလင်တ အသားမကျ
ဆန္ဒပြဖို့ မတွေးအား
ပြေးပေါက်မှားအောင် နေရာချ
ဗရုတ်သုက္ခ တိုင်းပြည်
ဒီမိုကရေစီနဲ့ ဝေးဝေးနေ။
လွတ်လပ်မှုပိတ် ကျောင်းတွေပိတ်
ခေါင်းညိတ်တဲ့ လူတွေ နေရာပေး
ဈေးတွေ ပလာဇာတွေ ဖွင့်
ထောင်တံခါးတွေ ဖွင့်
အမှန်စကားတွေ မပွင့်
နေရောင်လင့်နေရတဲ့ အခြေအနေ
မှိုင်းမှုန်ပြာရီဝေ …။ ။
ကဗျာလက်နက်၊ အသွားထက်၊ ရေးချက်တည့်မှန်၊ တပ်ပေါင်းညံစေ၊ စနစ်တွေပြောင်း၊ တိုင်းပြည်ကောင်းရေး၊ ကလောင်သွေးကာ နေသူပါလား။ ။ လို့ ဆိုရလောက်အောင် ကဗျာဆရာကြီးတင်မိုးဟာ သတ္တိရှိရှိ ကဗျာတွေ ရေးခဲ့ပါတယ်။ ထောင်ကိုမကြောက် တန်းမကြောက် ကဗျာတွေရေးခဲ့ပါတယ်။ သူ့ရဲ့ တိုက်ပွဲရှေ့ပြေး လမ်းပြတေးကဗျာတွေဟာ များပြားလှပါတယ်။ ဒီမှာ အားလုံးကို ဖော်ပြပေးရရင်တော့ ဖတ်သူတွေ တတ်နိုင်မည်မဟုတ်။ ဒါကြောင့် သူ ကွယ်လွန်သွားတဲ့ ဒီနေ့မှာ သူ့ကိုသတိရ၊ ဂုဏ်ပြုကြရင်း သူ့ကဗျာ၊ သူငါရွတ်မြဲ နွေဦးထဲက၊ တိုက်ပွဲရှေ့ပြေး၊ စစ်ချီတေး နောက်ဆုံး တပုဒ်ကို ဖော်ပြပေးလိုက်ပါတယ်ဗျာ။
အောင်နိမိတ်အောင်စိတ် (တင်မိုး)
အနင်းခံရတဲ့မြက် ပိုသန်သတဲ့၊
အကျဉ်းစံရတဲ့ငှက် ပိုပျံနိုင်လိမ့်မယ်။
အခက်အခဲတွေ့က
ဖျက်ခွဲ၍ ပစ်ကြလော့။
ရက် ရှည် ရ ကောင်း လား လို့
မျက် ရည် မ ကျ နဲ့။
အံကြိတ်ပြီး အမောင်ဇွဲသန်မှ
အလံချိတ်ပြီး အောင်ပွဲခံရမှာ။
အကြောက်သန် အတွေးဖောက်ပြီး
နောက်ပြန် ပြေးပေါက်မရှာနဲ့။
ရှေ့ကိုသာ ဆက်လျှောက်
တနေ့နေ့မှာ ရောက်ရမယ်။
မာန်ဇွဲတင်း အံခဲရင်း
အလံမလှဲခြင်း စိတ်ဓာတ်နဲ့၊
နိမိတ်ဖတ်ပြီး အောင်ပန်းခူး
စိတ်ကူးနဲ့ မြူးကြစို့ ။ ။
မောင်တူး