ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ ကျင်းပနေတဲ့ တရုတ်ရိုးရာ နှစ်သစ်ကူးပွဲ (ဓာတ်ပုံ)

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့မှာ တရုတ်နှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီ ၂၁ ရက်ကနေ ၂၃ ရက်နေ့အထိ တရုတ်တန်းရှိ ဝါရာလို့တ်ဈေး (ကတ်လုန်ဈေး)မှာ ကျင်းပနေပါတယ်။

ဒီနှစ်ဟာ တရုတ်ရိုးရာ ပြက္ခဒိန်အရ ဇန်နဝါရီ ၂၂ ရက်မှာ ကျားနှစ်ကနေ ယုန်နှစ်ကို ကူးပြောင်းတာ ဖြစ်ပါတယ်။ ၂၀၂၃ တရုတ်နှစ်သစ်ကူးပွဲကို ထိုင်းနိုင်ငံမှာ နေထိုင်ကြတဲ့ တရုတ်လူမျိုးတွေ၊ ကမ္ဘာလှည့် ခရီးသွားဧည့်သည်တွေနဲ့ ပြည်တွင်းခရီးသွားတွေ ပါဝင်ဆင်နွှဲနေပါတယ်။

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၂ နှစ်ကျော်ကြာ ပိတ်ထားခဲ့တဲ့ တရုတ်ပြည် နယ်စပ် တံခါးပေါက်တွေကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်နေ့မှာ ပြန်ဖွင့်ခဲ့ပြီးနောက် ထိုင်းနိုင်ငံကို တရုတ်ခရီးသွား ဧည့်သည်တွေ ဇန်နဝါရီ ၉ ရက်ကစလို့ ထောင်သောင်းချီ ဝင်ရောက်ခဲ့ပါတယ်။

နေ့စဉ် ခရီးသွားဧည့်သည် ထောင်ချီဝင်ဖို့ ရှိတာကြောင့် ၂၀၂၃ ခုနှစ်ထဲမှာ တရုတ်ပြည်က ခရီးသွားဧည့်သည် ၇ သန်းကနေ ၁၀ သန်းအထိ ဝင်ရောက်လာနိုင်တယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးက ခန့်မှန်းပြောထားပါတယ်။

သတင်း/ဓာတ်ပုံ - ဇွဲသစ်

More News
Up