မွန်ပြည်နယ်၊ ရေးမြို့အခြေစိုက် အမြောက်တပ်ရင်း ၃၁၆ ကို ဇန်နဝါရီ ၁၇ ရက် မနက် ၉ နာရီက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်ကာကွယ်ရေးတောင်ပိုင်းက ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောပါတယ်။
ရေး-ထားဝယ်ကားလမ်းဘေးက စစ်ကောင်စီအမြောက်တပ်ရင်း ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးတာ ရှိနိုင်ပြီး အသေးစိတ်တော့ အတိအကျ မပြောနိုင်သေးဘူးလို့ မွန်ပြည်ကာကွယ်ရေး တောင်ပိုင်းက ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောပါတယ်။
အမြောက်တပ်အနီးနေ ဒေသခံတယောက်က “မနေ့က အမြောက်တပ်ဘက်ကတော့ လက်နက်ကြီးပေါက်ကွဲသံတော့ ကြားရတယ်။ ဘယ်ကပစ်တာ မသိဘူး။ ထိခိုက်သေဆုံးတာတွေက မသိနိုင်ဘူး။ အမြောက်တပ်ကိုတော့ PDF တွေ မကြာခဏ တိုက်လေ့ရှိတယ်။ ဘေးပတ်ဝန်းကျင်က ခြံတွေရှိတယ်။ ရွာလည်းရှိနေပြန်တော့ သေနတ်သံကြားရင် မသွားရဲ မလာရဲကြဘူး” လို့ ပြောပါတယ်။
မွန်ပြည်ကာကွယ်ရေးတပ်တောင်ပိုင်း (MSDF-S) အနေနဲ့ ဒေသကာကွယ်ရေးတပ်၊ မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းပြီး ရန်သူနဲ့ ဒေါက်တိုင်တွေကို တိုးမြှင့်တိုက်ခိုက်သွားမယ်လို့ အသိပေးထားပါတယ်။
အဆိုပါတိုက်ခိုက်မှုကို Ye Joker Force (YJF)၊ မွန်ပြည်ကာကွယ်ရေးတပ် တောင်ပိုင်း (MSDF-S) ဒရုန်းတပ်ဖွဲ့၊ Dragon Squad (တနင်္သာရီ) ဒရုန်းတပ်ဖွဲ့နဲ့ Seath Fighter ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။