စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ရှိ အင်းတော်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးကို ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းမှာ မြို့ပြပြောက်ကျားအဖွဲ့က လက်လုပ်မိုင်း ၂ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Indaw Revolution-IR အဖွဲ့က ထုတ်ပြန်ပြောဆိုပါတယ်။
အင်းတော် PDF တပ်ဖွဲ့ဝင်တဦးက “အထိအခိုက် မရှိပါဘူးဗျ။ သတိပေးတဲ့အနေနဲ့ ခွဲခဲ့တာပါ။ သူတို့ဘက်က လက်လုပ်မိုင်းနဲ့ ပစ်ခံရပြီးတဲ့နောက် လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ အင်းတော် သင်္ချိုင်းကုန်းဘက်ကို ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အင်းတော်မြို့ စျေးအရှေ့ပေါက်ကိုလည်း ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ကာ ၃ နှစ်အရွယ် ကလေးငယ်နဲ့ အသက် ၃၀ ဝန်းကျင် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Indaw Revolution-IR အဖွဲ့က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်ကလည်း စစ်ကောင်စီတပ်က ရမ်းသန်းပစ်ခတ်မှုကြောင့် အင်းပတ်လမ်းမှာ ပဲစိုက်နေတဲ့ လင်မယား ၂ ယောက် ကျည်ထိမှန်ခဲ့ပြီး အမျိုးသားဖြစ်သူ သေဆုံးသွားကာ အမျိုးသမီးဖြစ်သူမှာ ဒဏ်ရာရရှိပြီး ဆေးကုသမှု ခံယူနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးသွားတဲ့ အမျိုးသားဖြစ်သူကို အဲဒီနေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က မိသားစုဝင်တွေကိုခေါ်ပြီး အင်းတော်မီးသင်္ဂြိုဟ်စက်မှာ သင်္ဂြိုဟ်လိုက်တယ်လို့ ဒေသခံ အမျိုးသားတဦးက ဆိုပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက စစ်ကိုင်း-မြင်းမူသွား ကားလမ်းပေါ်မှာ မိုင်းရှင်းလင်းရေးလုပ်ဖို့ လာတဲ့ စစ်ကောင်စီကားကို ဇန်နဝါရီ ၁၇ ရက် မွန်းလွဲ ၂ နာရီခွဲက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တွေဆီက သိရပါတယ်။
မိုင်းရှင်းလင်းရေးလာတဲ့ စစ်ကောင်စီကားဟာ စစ်ကိုင်း တပ်မ ၃၃ ကနေ စတင်ထွက်ခွာလာပြီး နတ်ခရိုင်နဲ့ လယ်ကြီးရွာကြားအရောက်မှာ အခုလို မိုင်းဆွဲခဲ့တာလို့ သိရပါတယ်။
မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့မှ ကိုသက်ကြီးက “စစ်(--)ကား လာမယ်ဆိုတာကို ဖရဲသီးက သတင်းပေးလို့ အခုလို မိုင်းဆွဲနိုင်ခဲ့တာဗျ။ မိုင်းက ပဒေသာမိုင်း ၅ လုံးနဲ့ ဆွဲခဲ့တာဗျ။ စစ်(--)ကားပေါ်မှာကတော့ စစ်(--) ၃၀ လောက်ပါမယ်လို့ ကြိုသိထားတယ်ဗျ။ ကျနော်တို့ မိုင်းဆွဲလိုက်လို့ ကားမောင်းတဲ့ စစ်(--)ကတော့ နေရာတင် သေသွားတယ်။ တခြား ဒဏ်ရာရသူတွေလည်း များတယ်။ အဲဒီဒဏ်ရာရသူတွေထဲက နောက်ထပ် ၄ ဦး စစ်ကိုင်းတပ်ထဲရောက်မှ သေတယ်လို့လည်း ကျနော်တို့ သိထားရတယ်။ ကားကတော့ ဆက်ပြီးမောင်းမရလို့ နှုံးတွင်းခြေတော်ယာတပ်အတွင်း ဆွဲပြီးထားခဲ့တယ်။ သူတို့ဘက်က ပြန်လည်ပစ်ခတ်တာတွေ ရှိပေမဲ့ ကျနော်တို့ လွတ်အောင်ပြေးနိုင်ခဲ့လို့ အထိအခိုက် မရှိခဲ့ဘူး” လို့ ပြောပါတယ်။
အခုတိုက်ခိုက်ခဲ့တာကို Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) နဲ့ သရဲနီအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။