တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၃) စစ်ဒေသခွဲရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်းရဲ့ မွမ်းမံသင်တန်းဆင်းပွဲကို ဒီနေ့ ကျင်းပခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်ခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက NUG အနေနဲ့ တနှစ်တာမဟာဗျူဟာ စီမံချက်ကို ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်နေပြီး အောင်မြင်သင့်သလောက် အောင်မြင်နေပြီဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီကို တိုင်းရင်းသားပြည်သူတရပ်လုံး အားကောင်းမောင်းသန် တော်လှန်တိုက်ထုတ်နေတဲ့အတွက် အာဏာရှင်တို့ နိဂုံးချုပ်တော့မည်ဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပ အင်အားစုအားလုံး ဟန်ချက်ညီညီ၊ စုဖွဲ့မှု အရှိန်အဟုန်ကောင်းမွန်စွာဖြင့် ရှေ့ဆက်နေနိုင်ပြီဖြစ်ကြောင်း၊ နိုင်ငံရေး၊ စစ်ရေး ထူးကဲသာလွန်သည့် အကျိုးရလဒ်များ ဖြစ်ပေါ်တိုးတက်လျက်ရှိတယ်လို့ မိန့်ခွန်း ပြောကြားခဲ့ကြပါတယ်။
ဒါ့အပြင် NUG ခေါင်းဆောင်တွေဟာ တော်လှန်ရေးရဲဘော်တွေနဲ့ မြေပြင်မှာ တသားတည်းရှိနေကြောင်း၊ စစ်မြေပြင်လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ဖို့ စစ်ဒေသကြီးများအလိုက် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသားမဟာမိတ် တော်လှန်ရေးအဖွဲ့တွေနဲ့ NUG ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး ပေါင်းစပ်ညှိနှိုင်းလုပ်ကိုင်နေကြတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးမှာ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်နေကြသူအားလုံးရဲ့ ဇွဲနဘဲကြီးမှုကြောင့် မကြာမီ တော်လှန်ရေးအောင်ပွဲအသီးအပွင့်တွေကို ခံစားကြရတော့မှာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲဘော်တွေအားလုံး ယုံကြည်ချက်ခိုင်မာစွာထားပြီး အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းနိုင်ရေး ပိုမိုကြိုးစားအားစိုက်ထုတ်ပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။။
ဒီနောက် ပြည်ထောင်စုဝန်ကြီးချုပ်ဟာ ဒေါနစစ်ကြောင်းတာဝန်ရှိသူတွေကို လက်နက်တွေနဲ့ ဂုဏ်ပြုငွေ ၁၀ သိန်း ကျပ် ပေးအပ်ခဲ့ပြီး သင်တန်းဆင်းရဲဘော်တွေကို တဦးချင်း သစ္စာရေ တိုက်ကျွေးခဲ့တယ်လို့ သိရပါတယ်။
သင်တန်းဆင်းပွဲကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်၊ တောင်ပိုင်းတိုင်းစစ်ဒေသမှ ဗိုလ်မှူးကြီးစောဖီးနစ်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ်(၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသမှူး ဗိုလ်စောရှား နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။