ဒေါနစစ်ကြောင်း သင်တန်းဆင်းပွဲ ပြုလုပ်၊ NUG က လက်နက်များပေးအပ် (ဓာတ်ပုံ)

တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၃) စစ်ဒေသခွဲရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်းရဲ့ မွမ်းမံသင်တန်းဆင်းပွဲကို ဒီနေ့ ကျင်းပခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်ခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက NUG အနေနဲ့ တနှစ်တာမဟာဗျူဟာ စီမံချက်ကို ​ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်နေပြီး ​အောင်မြင်သင့်သ​လောက် ​အောင်မြင်​နေပြီဖြစ်​ကြောင်း၊ အကြမ်းဖက်စစ်​ကောင်စီကို တိုင်းရင်းသားပြည်သူတရပ်လုံး အား​ကောင်း​မောင်းသန် ​တော်လှန်တိုက်ထုတ်​နေတဲ့အတွက် အာဏာရှင်တို့ နိဂုံးချုပ်​တော့မည်ဖြစ်​ကြောင်း၊  ပြည်တွင်းပြည်ပ အင်အားစုအားလုံး ဟန်ချက်ညီညီ၊ စုဖွဲ့မှု အရှိန်အဟုန်​ကောင်းမွန်စွာဖြင့် ​​ရှေ့ဆက်​နေနိုင်ပြီဖြစ်​ကြောင်း၊  နိုင်ငံ​ရေး၊ စစ်​ရေး ထူးကဲသာလွန်သည့် အကျိုးရလဒ်များ ဖြစ်​ပေါ်တိုးတက်လျက်ရှိတယ်လို့ မိန့်ခွန်း ပြောကြားခဲ့ကြပါတယ်။ 

ဒါ့အပြင် NUG ​ခေါင်း​ဆောင်တွေဟာ ​တော်လှန်​ရေးရဲ​ဘော်တွေနဲ့ ​မြေပြင်မှာ တသားတည်းရှိ​နေ​ကြောင်း၊  စစ်​မြေပြင်လိုအပ်ချက်များ ဖြည့်ဆည်း​ပေးနိုင်ဖို့ စစ်​ဒေသကြီးများအလိုက် ပြင်ဆင်​ဆောင်ရွက်လျက်ရှိ​ကြောင်း၊ တိုင်းရင်းသားမဟာမိတ် ​တော်လှန်​ရေးအဖွဲ့တွေနဲ့ NUG ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး ​ပေါင်းစပ်ညှိနှိုင်းလုပ်ကိုင်​နေကြတယ်လို့ ဆိုပါတယ်။ ​

တော်လှန်​ရေးမှာ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်​နေကြသူအားလုံးရဲ့ ဇွဲနဘဲကြီးမှု​ကြောင့် မကြာမီ ​တော်လှန်​ရေး​အောင်ပွဲအသီးအပွင့်တွေကို ခံစားကြရ​တော့မှာဖြစ်ပြီး ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်ရဲ​ဘော်တွေအားလုံး ယုံကြည်ချက်ခိုင်မာစွာထားပြီး အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်း​ရေးနဲ့ အကြမ်းဖက်စစ်​​ကောင်စီကို အမြစ်ပြတ်​ချေမှုန်းနိုင်​ရေး ပိုမိုကြိုးစားအားစိုက်ထုတ်​ပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။။

ဒီနောက် ပြည်ထောင်စုဝန်ကြီးချုပ်ဟာ ဒေါနစစ်ကြောင်းတာဝန်ရှိသူတွေကို  လက်နက်တွေနဲ့ ဂုဏ်ပြုငွေ ၁၀ သိန်း ကျပ် ပေးအပ်ခဲ့ပြီး သင်တန်းဆင်းရဲဘော်တွေကို တဦးချင်း သစ္စာရေ တိုက်ကျွေးခဲ့တယ်လို့ သိရပါတယ်။

သင်တန်းဆင်းပွဲကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်၊ တောင်ပိုင်းတိုင်းစစ်ဒေသမှ ဗိုလ်မှူးကြီးစောဖီးနစ်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ်(၃) စစ်ဒေသခွဲ၊  ဒု-စစ်ဒေသမှူး ဗိုလ်စောရှား နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။

More News
Up