Home
ဆောင်းပါး
ငါးရိုးနင်နေတဲ့ တိုင်းပြည်
DVB
·
January 8, 2023

(က)

၁၉၈၈ ခု၊ ဇူလိုင်လ ၂၈ ရက်။ ဝါဆိုလပြည့်နေ့။

နေ့လယ် သုံးနာရီလောက်မှာ ရွှေတိဂုံစေတီတော်ကြီးရဲ့ အရှေ့ဘက်စောင်းတန်းတွေမှတဆင့် လူတချို့ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ဘုရားရင်ပြင်တော်ပေါ် တက်လာကြပါတယ်။ သူတို့တတွေဟာ မည်သူမျှ ဘုရားပေါ်တက်လို့မရအောင် ပိတ်ဆို့စောင့်ကြပ်လိုက်ကြတဲ့ လုံခြုံရေးတပ်တွေရဲ့ ရှေ့က အေးအေးဆေးဆေး ဖြတ်ကျော်လာပြီးမှ ရင်ပြင်တော်ပေါ် ရောက်လာကြတာပါ။ ဒီလူအုပ်ဟာ စောင်းတန်းတချို့ထဲက ဘုရားဖူးတွေကို ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုမောင်းထုတ်ပြီး ပါလာတဲ့ဖဲထုပ်တွေချကာ ဖဲရိုက်တဲ့သူက ရိုက်ပါတယ်။ မကောင်းတဲ့မိန်းမတွေနဲ့ ပျော်ပါးမလား ဆိုပြီး ဘုရားဖူးတွေကို ပြောင်ပြောင်တင်းတင်း လိုက်မေးပါတယ်။ ပါလာတဲ့ အရက်ပုလင်းတွေ ဖန်ခွက်တွေချပြီး အရက်ဝိုင်းဖွဲ့ကြပါတယ်။ ပြီးတော့ ရင်ပြင်တော်ပေါ်က အလှူခံပုံးဟူသမျှကို ရိုက်ခွဲပြီး အလှူငွေပိုက်ဆံတွေကို ယူလိုက်ကြပါတယ်။

ဒီလူတွေဟာ စုတ်ပြတ်နေတဲ့ အဝတ်အစားတွေ ဝတ်စားထားကြပြီး အရက်နံ့ တထောင်းထောင်းနဲ့ မူးယစ်သေစာများ သောက်စားထားကြသူတွေ ဖြစ်ပါတယ်။ အပေါစားမိတ်ကပ်နဲ့ နှုတ်ခမ်းနီဆိုးထားတဲ့ မိန်းမတွေလည်း ပါလာပါတယ်။

အဲသလို မူးယစ်ရမ်းကားနေသူတွေ ရင်ပြင်တော်ပေါ် တက်လာစဉ်အချိန်က သမ္မတသစ် နှစ်ရက်တည်းသာ သမ္မတသက်တမ်းရှိသေးတဲ့၊ သားသတ်သမားလို့ နာမည်ကြီးနေတဲ့ သမ္မတသစ် ဦးစိန်လွင်ကို ဆန့်ကျင်တဲ့အနေနဲ့ ဘုရားရင်ပြင်တော်ပေါ်မှာပဲ တပါတီအာဏာရှင် စနစ် ဆန့်ကျင်ရေး ကျောင်းသားထုရဲ့ ဆန္ဒပြဟောပြောပွဲ ကျင်းပနေချိန်ဖြစ်ပါတယ်။ ရင်ပြင်တော်ပေါ် ရုတ်တရက်ရောက်လာတဲ့ အဲဒီ လူဆိုး လူရမ်းကား အမူးသမားများရဲ့ နှောင့်ယှက်မှုကြောင့် ကျောင်းသားတွေရဲ့ ဟောပြောမှုကို နားထောင်နေကြတဲ့ ပရိသတ်အဖို့ ဆက်လက်နားထောင်ဖို့ ခက်ခဲလာခဲ့ရပါတယ်။ ကျောင်းသားတွေက ဒီလိုမလုပ်ဖို့ လိုက်လံပြောဆိုတဲ့အခါ ကျောင်းသားများကို ရန်လုပ် ဆဲဆိုကြပါတယ်။

ကျောင်းသားတွေဟာ ချက်ချင်းဆိုသလိုပဲ သဘောပေါက် နားလည်လာရပြီး လူရမ်းကား လူဆိုးလူမိုက်များနဲ့ အချင်းမပွားတော့ဘဲ ဟောပြောပွဲကို ရပ်ဆိုင်းလိုက်ရပါတယ်။ ဘုရားစောင်းတန်းတွေပေါ်က နည်းပေါင်းစုံနဲ့ ပြန်ဆင်းကြရပါတယ်။ လေးဘက်လေးတန် ပိတ်ဆို့စောင့်ကြပ်နေကြတဲ့ လုံခြုံရေးတပ်တွေမသိအောင် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများ၊ အိမ်များထဲကတဆင့် ပုန်းလျှိုးဝင်ရောက် ထွက်ပြေးကြရပါတော့တယ်။

အဲဒီနေ့ညမှာပဲ ရွှေတိဂုံစေတီတော်ပေါ်က အဲဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး အစိုးရရဲ့ သတင်းထုတ်ပြန်ချက်ကို အစိုးရပိုင် ရေဒီယိုက ထုတ်ပြန်ကြေညာ အသံလွှင့်ပါတယ်။ ရွှေတိဂုံဘုရားပေါ်မှာ ဘုရားဖူးပြည်သူတွေကို အနှောင့်အယှက်ပေးပြီး ဘုရားပိုင် အလှူခံရငွေတွေ လုယက်တဲ့ ကျောင်းသားဆိုးများကို ဂေါပကအဖွဲ့ရဲ့ တိုင်တန်းချက်အရ လုံခြုံရေးတပ်ဖွဲ့များက ရင်ပြင်တော်ပေါ်တက်ပြီး ရှင်းလင်းခဲ့ရကြောင်း အသံလွှင့်ချက်ကို တတိုင်းပြည်လုံးက ကြားကြရပါတော့တယ်။

(ခ)

အထက်ပါ (က) အပိုဒ်မှာပါရှိတဲ့ အကြောင်းအရာတွေကတော့ ‘အောင်ဒင်’ ရဲ့ ‘နွေတစ်ညမှ အစပြု၍’ စာအုပ်ထဲက စာပိုဒ်တချို့ကို ကျနော်နားလည်ထားသလို အကျဉ်းချုပ်ပြီး ပြန်ရေးပြလိုက်တာပါ (စာ- ၁၃၄ )။

စာရေးသူ (ကို)အောင်ဒင်ဟာ အဲဒီ ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်က လူဆိုးလူမိုက်များနဲ့ အချင်းမများရလေအောင် ဟောပြောပွဲကို ရပ်ဆိုင်းပြီး ဘုရားရင်ပြင်တော်ပေါ်က လျှို့ဝှက်စွာ ထွက်ပြေးခဲ့ရတဲ့ ကျောင်းသားတွေထဲက အသက် ၂၀ ကျော် စက်မှုတက္ကသိုလ် ကျောင်းသားခေါင်းဆောင်တဦးပဲ ဖြစ်ပါတယ်။ သူဟာ နောင်အခါ ‘ဗမာပြည် ပြည်သူ့လွတ်မြောက်ရေး လူငယ့်တပ်ဦး’ ရဲ့ ခေါင်းဆောင်တဦး ဖြစ်လာပါတယ်။

အထက်ပါအကြောင်းအရာတွေကို ‘အောင်ဒင်’ က သူ့ရဲ့ ‘နွေတစ်ညမှ အစပြု၍’ စာအုပ်မှာ ထည့်ရေးခဲ့တာပါ။

‘နွေတစ်ညမှ အစပြု၍’ စာအုပ်ဟာ စာရေးသူ အောင်ဒင် ဖြတ်သန်းကျင်လည် ပါဝင်ခဲ့တဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုများကို ပြန်လည်စုစည်း ဖော်ပြထားတဲ့ စာအုပ်ပါပဲ။  တနည်းအားဖြင့်ပြောရရင် ဗမာပြည်ရဲ့ ရာဇဝင်သမိုင်းမှာ ပြင်သစ်ပြည်က ၁၈၇၁ နှစ်မှာ ဖြစ်ပွားခဲ့တဲ့ တော်လှန်ရေးကြီးလို အင်မတန် ကြီးမားမြင့်မားလှတဲ့ လူထုအုံကြွမှုကြီးဖြစ်တဲ့ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီး မဖြစ်ပွားမီနဲ့ ဖြစ်ပွားပြီးနောက်ပိုင်း ၁၉၈၉ ခု နှစ်လယ်ပိုင်းအထိ အချိန်ကာလအတွင်း သူ့ရဲ့ (စက်မှုတက္ကသိုလ်ကျောင်းသားတဦးရဲ့) နိုင်ငံရေး လှုပ်ရှားဆောင်ရွက်မှုများကို မှတ်တမ်းတင်တဲ့သဘော ရေးသားထားတာပါပဲ။ တနည်းအားဖြင့် ပြောရရင် ‘နွေတစ်ညမှ အစပြု၍’ စာအုပ်ဟာ ‘အောင်ဒင်’ ရဲ့ အတ္ထုပ္ပတ္တိတပိုင်းစာအုပ် ဖြစ်တယ်လို့လည်း ပြောနိုင်ပါတယ်။

ရုရှားစာရေးဆရာ ‘အီလျာအာရင်ဘတ်’ သည်လည်းပဲ သူဖြတ်သန်းကျင်လည်ရတဲ့ အချိန်ကာလတခုအကြောင်း မှတ်တမ်းသဘော ရေးခဲ့ဖူးပါတယ်။ ‘လူများ၊ သက္ကရာဇ်များ ဘဝများ’ စာအုပ်မှာ ရေးခဲ့တာပါ။ ဒီစာအုပ်ထဲမှာ သူ့ကိုယ်သူ ဗဟိုပြုပြီး ရေးတယ်ဆိုပေမဲ့ သူနဲ့ခေတ်ပြိုင် သူနဲ့ စာရေးဖော်စာရေးဘက် တခြားစာရေးဆရာ၊ ကဗျာဆရာများ အကြောင်းကိုလည်း မှတ်တမ်းသဘော ရေးခဲ့ပါတယ်။

အောင်ဒင်သည်လည်းပဲ သူ့ရဲ့ ‘နွေတစ်ညမှ အစပြု’ ၍ စာအုပ်ထဲမှာ သူ့ကိုယ်သူ ပင်တိုင်ထား ရေးတယ်လို့ စာရေးသူက ဝန်ခံထားသော်ငြားလည်းပဲ သူနဲ့ခေတ်ပြိုင် သူနဲ့အတူ သူ့လိုပဲ နိုင်ငံရေးလှုပ်ရှားတက်ကြွသူ ကျောင်းသားများ၊ ကျောင်းသားခေါင်းဆောင်များကိုလည်း မှတ်တမ်းတင်ဖို့ မပျက်ကွက်ခဲ့ပါဘူး။ ဒါကြောင့်မို့လည်း ဒီစာအုပ်ဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးနဲ့ ပတ်သက်လို့ လောလောဆယ်မှာဖြင့် အပြည့်စုံဆုံးစာအုပ်အဖြစ် အသိအမှတ် ပြုရမလို ဖြစ်လာခဲ့ပါတယ်။

‘နွေတစ်ညမှ အစပြု၍’ စာအုပ်အလိုအရဆိုရင် ရှစ်လေးလုံးအရေးတော်ပုံကြီး မတိုင်ခင်နဲ့ စစ်တပ်က အာဏာသိမ်းပြီးကာစ အချိန်တွေမှာ ကျောင်းသားတွေဟာ အုတ်နံရံကြီးကို အကြိမ်ကြိမ် ခေါင်းနဲ့ပြေးဆောင့်ခဲ့ကြပါတယ်။ ထပ်ပြီး တင်စားပြောရမယ်ဆိုရင် ကျောင်းသားတွေဟာ မိုးကို ဒူးနဲ့တိုက်ခဲ့ကြတဲ့သဘောပါပဲ။ သူတို့ကို နားလည်ဖို့ဆိုရင် စာဖတ်သူတွေဟာ သူတို့ပြောတာတွေ၊ သူတို့လျှောက်လှမ်းသွားနေပုံတွေနဲ့ သူတို့ခင်းလို့ ပေါ်ပေါက်လာတဲ့ လမ်းအသွယ်သွယ်ကို ကြည့်ပြီး မြင်ပြီးမှသာ နားလည်နိုင်မှာပါ။ နားလည်ဖို့ရန် မလွယ်ကူသလို နားလည်ဖို့ရန် လွယ်ကူနေတာလည်း ရှိပါတယ်။ ကမ္ဘာ့သမိုင်းမှာ ကျောင်းသားတွေ၊ လူတွေက ခေါင်းနဲ့ဆောင့်လို့ ပြိုကျသွားရတဲ့ အာဏာရှင်ခေတ် သမိုင်းတွေဆိုတာ အထင်အရှား ရှိခဲ့တာပဲ။

‘အောင်ဒင်’ ရဲ့ ‘နွေတစ်ညမှ အစပြု၍’ စာအုပ်မှာ နိုင်ငံ့အရေးထဲ တစတစ ပါဝင်စူးနစ်လာကြတဲ့ ကျောင်းသားတွေကို အခုအချိန်လိုပဲ နိုင်ငံရေးသမားတွေက အသုံးချလို့၊ ငြိမ်းချမ်းတဲ့ အခြေအနေကို ဖျက်လိုဖျက်ဆီးလုပ်ချင်လို့၊ ပညာကောင်းကောင်းမသင်ချင်လို့ နိုင်ငံရေးထဲ ပါဝင်လာကြတာ ဖြစ်တယ်လို့ ဟိုအရင်ကတည်းက အပြောအဆို ခံခဲ့ကြရပါလားဆိုတဲ့ အချက်တွေကိုလည်း သွားတွေ့ရပါတယ်။

သင်ခန်းစာယူကြရမယ့် အချက်တွေကလည်း ဒုနဲ့ဒေးပါပဲ။ ကျောင်းသားတွေ ကွဲကြပြဲကြ၊ အပြန်အလှန် စွပ်စွဲပြောဆိုကြ၊ ခေါင်းဆောင်နိုင်မယ့် ပုဂ္ဂိုလ်တွေကို အပူအပြင်းလိုက်ရှာကြ၊ ဒီကြားထဲ အာဏာရှင်တွေက ရိုက်နှက်သတ်ဖြတ်ဖမ်းဆီး ထောင်ချတဲ့အလုပ်ကို တဖက်ကလုပ်ပြီး တဖက်ကလည်း ကျောင်းသားထုအတွင်း သွေးကွဲသွားစေဖို့၊ လူမိုက် လူရမ်းကားတွေနဲ့ ရင်ဆိုင်ဖြိုခွင်းတာမျိုး၊ လူထုအချင်းချင်း ရန်တိုက်ပေးတာမျိုးအပြင် ကျောင်းသားခေါင်းဆောင် တဦးချင်းဆီရဲ့ ကိုယ်ရေးကိုယ်တာတွေကို ဖော်ထုတ်ဝါဒဖြန့် သိက္ခာချတဲ့ နည်းမျိုးစုံကိုလည်း အသုံးပြုခဲ့ကြတာတွေဟာ အခုခေတ်လိုပဲ ဟိုးအရင်ကတည်းက ရှိနေခဲ့တာပါလားဆိုတာ ဒီစာအုပ်မှာ သွားတွေ့ရပါတယ်။ လူတွေကလည်း ကျောင်းသားတွေအပေါ် အမျိုးမျိုးသော နှလုံးသားဓာတ်ခံအပေါ် မူတည်ပြီး အခုခေတ်လိုပဲ အမျိုးမျိုး မြင်ခဲ့ကြတာပါပဲ။ အမျိုးမျိုး ပြောခဲ့ကြတာပါပဲ။ ကျောင်းသားတွေဟာ ဘယ်လိုမှ မအောင်မြင်နိုင်တဲ့အလုပ်ကို မသိသားဆိုးရွားစွာ လုပ်ကြတယ်။ ကျောက်တုံးကို အပ်နဲ့ထိုးဖောက်သလို ဖြစ်နေတယ်။ ထင်ပေါ်ကျော်ကြားချင်ကြတယ်။ လက်ခုပ်သံတွေကို သာယာခဲ့ကြတယ်။ တချို့ဆိုရင် အမျိုးသားခေါင်းဆောင်ဆိုတာမျိုးအထိ စိတ်ကူးယဉ်ကြတယ် အစရှိသဖြင့် အပြောခံခဲ့ ဝေဖန်ခံခဲ့ကြရတဲ့ အဖြစ်ဟာလည်း အခု မျက်မှောက်ခေတ် ကျောင်းသားတွေရဲ့ အဖြစ်နဲ့ တထေရာတည်းပါပဲ။

အာဏာရှင်တွေဟာ သူတို့ကိုဆန့်ကျင်တဲ့ ကျောင်းသားတွေကို ဘယ်တုန်းကမှ ရင်ဝယ်သားလို သဘောထား ဖြေရှင်းကြတာ မတွေ့ရတဲ့အဖြစ်ဟာလည်း ဒီစာအုပ်ထဲမှာ တွေ့ကြရပါတယ်။ အခု မနေ့တနေ့ကပဲ ကျောင်းသားတွေကို နံပါတ်တုတ်နဲ့ သဲကြီးမဲကြီး ဝိုင်းရိုက်ကြ၊ ကျောင်းသားသမဂ္ဂအလံကို အငြိုးတကြီးနဲ့ မြေကြီးပေါ်ချနင်းပြီး ဒေါသထွက်နေတဲ့ ရဲတွေလိုပဲ ရှစ်လေးလုံးကာလအတွင်းက အင်းလျားကန်ဘောင်တနေရာမှာ ပြေးစရာမရှိလို့ ရေထဲဆင်းပြေးရတဲ့ ကျောင်းသူတွေကို ဆံပင်ဆွဲပြီး ရေထဲနှစ် ရိုက်နှက်ကြတဲ့ လုံထိန်းတွေဆိုတာ ဟိုအရင်ကတည်းက ရှိခဲ့တာပဲ။

ကျောင်းသားသမိုင်းမှာ ဗိုလ်အောင်ကျော်မှရယ်လို့ နံပါတ်တုတ်နဲ့ ရိုက်သတ်ခံခဲ့ရတာ မဟုတ်ပါလားဆိုတာ ‘အောင်ဒင်’ ရဲ့ ‘နွေတစ်ညမှ အစပြု၍’ စာအုပ်မှာ တွေ့ကြရမှာပါ။ အသက် ၂၀ ကျော် ကိုအောင်ဆန်းလို လူငယ်တွေ နိုင်ငံရေးထဲ ပါဝင်လာကြပြီး မြေပေါ်မြေအောက် လှုပ်ရှားမှုတွေကို အလုပ်လုပ်ရင်းသင် သင်ကြားရင်းအလုပ်လုပ်နဲ့ လူငယ်ဘဝတွေကို စတေးသွားကြရတဲ့ အဖြစ်တွေဟာ ခုခေတ်မှရယ်လို့မှ မဟုတ်ပါလားဆိုတာ ‘နွေတစ်ညမှ အစပြု၍’ စာအုပ်မှာ အထင်းသား တွေ့ကြရပါတယ်။

တနေရာမှာတော့ တိုင်းပြည် ဒီမိုကရေစီရေးအတွက် အင်မတန် အန္တရာယ်ကြီးပြီး ကြမ်းတမ်းလှတဲ့ လမ်းကြောင်းပေါ် လျှောက်နေရပေမဲ့လည်း ချစ်သူကို လွမ်းတမိတဲ့ ညကလေးတညအကြောင်း ထည့်ရေးလိုက်တော့ ဂျာမန်ကဗျာဆရာ ‘ဗားတော့ဗရက်’ ရဲ့ ကဗျာစာသားလေးကို သွားပြီး သတိရစေပါသေးတယ်။ ဗားတော့ဗရက်က ‘ချစ်သူကို တဝက်တပျက်သာ ချစ်ရတဲ့ခေတ်ပါလား’ လို့ ရေးခဲ့ပါတယ်။

အောင်ဒင်ဟာလည်းပဲ သူ့ရဲ့ ‘နှင်းထုထဲက အလွမ်းည’ ခေါင်းစဉ်အောက်က စာပိုဒ်တွေထဲမှာ မင်းကိုနိုင်နဲ့အတူတွဲပြီး ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းထဲက အင်းလျားကန်ဘောင်မှာ ဂစ်တာတလက်နဲ့ ‘ခင်ဝမ်း’ ရဲ့ ‘နှင်း’ သီချင်းကို အော်ဟစ်ငိုကြွေးသီဆိုရင်း ချစ်သူကို တဝက်တပျက်သာ ချစ်ခွင့်ကြုံကြရတဲ့ သူတို့ဘဝကို သူတို့ကိုယ်တိုင် ပြန်လွမ်းမိကြတဲ့အကြောင်း ထည့်ရေးခဲ့ပါတယ် (စာ-၃၃၀၊ နှင်းထုထဲက အလွမ်းည)။ သူက ဒီလိုရေးလိုက်တဲ့အခါ ပဲခူးရိုးမတနေရာမှာ ဖက်ဆစ်ဂျပန်တွေကို တော်လှန်တိုက်ထုတ်ဖို့ လုပ်နေတဲ့ လူငယ်တဦးသာဖြစ်သူ ‘ကိုဗဟိန်း’ က သူ့ချစ်သူဆီ လရောင်အောက်မှာပဲ စာထိုင်ပြီးရေးခဲ့ဖူးတယ်ဆိုတဲ့ အကြောင်းကိုလည်း သွားပြီး သတိရလိုက်မိပါသေးတယ်။

အောင်ဒင်ရဲ့ ‘နွေတစ်ညမှ အစပြု၍’ စာအုပ်မှာ ပြန်လည်ငြင်းခုန်ဆွေးနွေးစရာကိစ္စများ မရှိမဟုတ် ရှိတော့ရှိပါတယ်။ ဥပမာ ဝန်ကြီးချုပ်ဟောင်းဦးနုက စင်ပြိုင်အစိုးရဖွဲ့စည်းကြောင်း ကြေညာတာကို အဲဒီအချိန်က လူတွေ နိုင်ငံရေးသမားတွေနဲ့ ကျောင်းသားတွေက ဘာ့ကြောင့် မထောက်ခံခဲ့ကြတာလဲ ဆိုတဲ့အချက်နဲ့ (စာ- ၂၁၃)၊ ဒေါက်တာမောင်မောင်ရဲ့ ကမ်းလှမ်းချက်ကို လက်မခံနိုင်ခဲ့ကြလို့ ငြိမ်းချမ်းစွာ အပြောင်းအလဲဖြစ်ရေး အခွင့်အရေးတခုကို လက်လွှတ်ခဲ့ရပြန်တယ်ဆိုတဲ့ အချက် (စာ- ၃၉၄) များကတော့ ပြန်လည်ဆွေးနွေးငြင်းခုံရမယ့် အချက်များဖြစ်ပါတယ်။ ဒါပေမဲ့ ဒါတွေက ‘နွေတစ်ညမှ အစပြု၍’ စာအုပ်မှာ အဓိက မကျပါဘူး။ အဓိကကျတဲ့အချက်က အဲဒီခေတ်ကာလကြီး တနံတလျားအတွင်း ကျောင်းသားတွေရဲ့ စွန့်စားစွန့်လွှတ် ပေးဆပ်ခဲ့ကြရတဲ့ အာဏာရှင်ဆန့်ကျင်ရေးသမိုင်းကြီးကို မီးမောင်းထိုးပြလိုက်နိုင်တဲ့ အချက်သာ အဓိကဖြစ်ပါတယ်။

(ဂ)

ကျနော်တို့ဟာ တပိုင်းတစ ကိုယ်ရေးအတ္ထုပ္ပတ္တိဆန်ဆန်ရေးတဲ့ စာအုပ်တွေ မကြာခဏ ဖတ်ကြရပါတယ်။ ဒီအထဲမှာမှ 'ဗိုလ်ချုပ်စိုးဝင်း' ရဲ့စာအုပ်မျိုး၊ 'ဗိုလ်ချုပ်ထွန်းကြည်' ရဲ့ စာအုပ်မျိုးတွေကို ကျနော်တို့အားလုံး မပျက်မကွက် ဖတ်သင့်ပါတယ်။ အတ္ထုပ္ပတ္တိစာအုပ်များထဲက ယူသင့်တာယူပြီး ပယ်သင့်တာ ပယ်ကြရမယ့် သင်ခန်းစာကို ကျနော်တို့ မလွဲမသွေ ရနိုင်ကြမှာပါ။

ဒီစာအုပ်မှာ အမှာစာတခုကိုတော့ ကျနော် နှစ်သက်မိတယ် ဆိုတာလေးကိုလည်း ထည့်ပြောချင်ပါတယ်။ ဇာဂနာရဲ့ အမှာစာပါ။ လှပတဲ့ အမှာစာလေးပါပဲ။ နွေတစ်ညမှ အစပြု၍ကို ပိုပြီး လှပသွားစေတဲ့ အမှာစာပါပဲ။

ဒီနေရာမှာ နိဂုံးချုပ်ပြောရမယ်ဆိုရင် ‘အောင်ဒင်' ရဲ့ ‘နွေတစ်ညမှ အစပြု၍’ စာအုပ်ကို စစ်အာဏာရှင်လက်​အောက်မှာ ကြမ်းတမ်းခက်ထန်လှတဲ့ဘဝတွေ ဖြတ်သန်းကျော်လွှား နေကြရတဲ့ ကျောင်းသားတွေနဲ့ ကျောင်းသားမိဘများ ဖတ်စေချင်ပါတယ်။ အခုတလော လူငယ်လှုပ်ရှားမှုတွေအပေါ် အပြစ်မြင်လို့ပဲဖြစ်ဖြစ် အကောင်းမြင်လို့ပဲဖြစ်ဖြစ် ဘယ်သူမဆို ထင်မြင်ချက်အမျိုးမျိုး ပြောဆိုနေကြသူ အားလုံးသည်လည်းပဲ မပျက်မကွက် ဖတ်စေချင်ပါတယ်။

ကဗျာဆရာ ‘မောင်အောင်ပွင့်’ ရဲ့ ‘ငါးရိုးနင်တဲ့ ငွေလမင်း’ ကဗျာခေါင်းစဉ်လိုပါပဲ။ ‘အောင်ဒင်’ ရဲ့ ‘နွေတစ်ညမှ အစပြု၍’ စာအုပ်ကို ဖတ်ရှုပြီးတဲ့နောက် ကျနော်တို့ရဲ့ ဟောဒီ မျက်မှောက်ခေတ်တခေတ်ကို ‘ငါးရိုးနင်နေတဲ့ ခေတ်ကြီးတခေတ်’ သာ ဖြစ်တယ်လို့ပဲ အမည်တပ်ပြီး ကြေကွဲလိုက်ပါရစေ။    ။

ငြိမ်း​ဝေ(ကဗျာ့အိုး​ဝေ)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024