Live
Home
ဆောင်းပါး
မအလ ဒလန် (သရော်စာ)
DVB
·
December 17, 2022

(က)

ဒီမနက် တောင်ကျောင်းကို ဆွမ်းချိုင့်ပို့သွားမယ် လိုက်ခဲ့အုံးဟလို့  အဘစော မူးသာကခေါ်ထား၏။ ဟိုရောက်ရင် စိမ်းသရဖူစိမ်းဆရာတော်ကို ကလိတိတိ ရိတိတိတွေမပြောရင်တော့ လိုက်ခဲ့ပါ့မယ် အဘရာဟု ပြန်နောက်မိတော့ အဘစောမူးသာက တဟားဟား။

တစ်လတစ်ရက် ဆွမ်းအလှည့်နေ့မှာ အဘစောမူးသာ သွားတဲ့အခါ ပါပါသွားတာ သုံးလေးငါးခါ ရှိပြီဖြစ်၏။ ဟိုရောက်လို့ စကားစမြည်ပြောကြတဲ့အခါ မျက်နှာပူစရာတွေ ဖြစ်ရလွန်းလို့ပါ။

သူတို့တွေက တစ်ရွာထဲသား ငယ်ပေါင်းသူငယ်ချင်းအရင်းကြီးတွေ။ ဒီတော့ တစ်ခါတစ်ခါ အယူအဆမတူကြလို့ ပြောကြဆိုကြတဲ့အခါ ကြားထဲက ရုတ်တရက်လိုက်လက်ရယ်မိပြီး ရယ်ပြီးခါမှ မျက်နှာပူမိတတ်တာမျိုးဗျ။ လိုက်ရမှာ မျက်ခုံးခပ်လှုပ်လှုပ် ဆိုပါတော့။

ဒါပေမဲ့လည်း ဒီနေ့စိတ်ဆိုး၊ နောက်နေ့ပြန်တည့်ကြ ခေါ်ကြတဲ့လူမျိုးတွေဗျ။ အဲသည်လို အတေးအမှတ်မထားတတ်တဲ့သူတွေဆိုတော့လည်း အဆင်ပြေတယ် ဆိုပါတော့ ခင်ဗျာ။

(ခ)

အိမ်ရှင်ထီး အဘစောမူးသာကိုယ်တိုင်ချက်ထားတဲ့ ဝက်သားတုံးကြီး လက်သီးဆုပ်သဏ္ဍာန် ဆီပြန် အချိုချက်နဲ့ ကင်ပွန်းချဉ်ရွက်ချဉ်ရည်ဟင်း၊ ငါးပိရည်၊ တို့စရာအစုံပါ ဆွမ်းချိုင့်ကြီးကို ဖေကြီး လမ်းလျှာက်ရင်း ဆွဲပေးလာခဲ့ပါတယ်။ 

ဟုတ်ပါတယ်ခင်ဗျ . . . သည်အဘတွေနဲ့ရွာထဲသွားရင် ဆိုင်ကယ်မသုံးတာ တော်တော့်ကို ကြာပါပြီ။ အဘစောမူးသာလေသံနဲ့ပြောရရင် ' မအလတန်ခိုးနဲ့ စက်သုံးဆီဈေးတွေ နှစ်ဆကျော်သုံးဆ တိုးသွား ကတည်းက ' ဆိုပါတော့ဗျာ။

တောင်ကျောင်းသွားလမ်းတစ်လျှောက်လုံးအဘစောမူးသာနဲ့ အဘလုံးတုံးတို့စကားတွေကြောင့် ရယ်ကြရတာ တအုံးအုံးပေါ့ ခင်ဗျာ။ နေ့စဉ်တက်လာတဲ့ ကြင်စိုး သာဝမအလရဲ့သတင်းတွေအပေါ် သူတို့ရဲ့ အပြောင် အရွှင်သုံးသပ်ပြောကြားချက်တွေက ရင်ချောင်စေတာ တကယ့်ကို ခင်ဗျ။ 

"ဟေ့ကောင်လုံးတုံး . . . မင်းတို့တပ်ချုပ်က ဟိုတခါ 'ကချင်ကိုမသွားရဲပါဘူးကွာ'လို့ အပြောခံရတာကို စိတ်ထဲခဲထားပြီး အခုတော့ 'ငါ မကြောက်ပါဘူးကွ’ ဟန်နဲ့ မြစ်ကြီးနားကို သွားပြပါလားဟ"

" ဟားဟား ဟားဟား ဟားဟား . . . .အဲဒါ အခြားမဟုတ်ပါဘူးကွ . . . ကြင်စိုးသာ၀ မအလက သူ ခေါင်းချရမယ့်သုသာန်နေရာကို ပတ်ပြီးရှာနေတဲ့ သဘောပါ။"

" ဟားဟား ဟားဟား ဟားဟား . . . . "

အဲသလို အဘတွေဗျ။ ပြီးတော့ မအလ ဒီတခေါက် ' ပူတာအို ' ကိုရောက်အောင်အရဲစွန့်ပြီး သွားပြလိမ့်မယ်လို့လည်း သုံးသပ်ကြပါသဗျ။ ဒါ့အပြင် မြစ်ကြီးနားမှာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့တွေ့တော့ဝမ်းနည်းပက်လက် ရှိုက်ကြီးတငင်ကို ' ငို ' ခဲ့တယ်လို့လည်း ပြောကြပါတယ်။

" မအလ က သူဟာ မလွှဲသာလို့သာ အာဏာကို အခုလို သိမ်းလိုက်ရတယ်၊ အဲသလို အာဏာသိမ်းချိန်မှာ ဘယ်နိုင်ငံကမှ မကူညီခဲ့တဲ့အတွက် ရုန်းကန်ခဲ့ရမှုတွေကို ပြောပြရရင် ခင်ဗျားတို့တွေ မျက်ရည်ပါကျမှာဖြစ်တယ်တဲ့ဟ "

မျက်ရည်ငွေ့တွေပြည့်လျှံနေတဲ့ နာနာကျင်ကျင် မြေခွေးမျက်လုံးကြီးတွေနဲ့  မရှက်မကြောက် ဖောက်သည်ချပါသတဲ့ ခင်ဗျား။

" ဝါး ဟားဟား ဟားဟား ဟားဟား "

ပြီးတော့လည်း ရှေ့စကား နောက်စကား မညီတဲ့ သူတို့အာဏာရူးတွေရဲ့ ထုံးတမ်းစဉ်လာအတိုင်း ပြောချင်ရာတွေ စွတ်ရွတ်ပြောပြန်ပါတယ်တဲ့။

မကြာလှသေးတဲ့ ဟိုဘက်လတွေကပဲမအလက " မြန်မာနိုင်ငံတဝန်းလုံး လျှပ်စစ်ရထားနဲ့ လျှပ်စစ်ကားစီမံကိန်းတွေ အကောင်အထည်ဖော်မယ်ဗျ၊ နေပြည်တော်မှာ မြေအောက်ရထားစနစ်နဲ့

လျှပ်စစ်ဘတ်စ်ကားတွေ ပြေးဆွဲမယ် "လို့ နိုင်ငံသိ ကမ္ဘာသိ စိတ်ရူးထပြီး ပြော ခဲ့တာလေကွာလို့ အလလုံးတုံးကလည်း ထောက်ခံမဲ ပေးပါသဗျ။

"ဟိုဘက်လကပဲ ငါ တာဝန်ကျခဲ့ဖူးတဲ့ ပြည်ဘက်ကို မအလ ရောက်ပြီး စိတ်ကစဉ့်ကလျားရောဂါဟောင်း ပြန်ထလာပြီး စွတ်စက်ပြောခဲ့သေးတာပဲဟ။"

"အေးလေ . . . ' ရန်ကုန် - ပြည် ခရီးစဉ်ကို လျှပ်စစ်ရထားတွေ ပြေးဆွဲမယ်ဗျ ' ဆိုပဲ ဟကောင်ရ "

" ဟား ဟား ဟား ဟား ဟား ဟား "

ဒီထက်ဆိုးတာက မြစ်ကြီးနားမှာပြောခဲ့တဲ့ နောက်ဆက်တွဲစကားတွေပါတဲ့ ခင်ဗျ။ လျှပ်စစ်ရထားတွေစီးဖို့ လျှပ်စစ်ကားတွေစီးဖို့ရာ မျှော်လင့်တကြီးစာင့်စားနေကြတဲ့ သူ့ဘောမတွေနဲ့ မိတ်ဖက် လက်တစ်ဆုပ်စာ စိမ်းသရဖူစိမ်းတွေရဲ့အိပ်မက်ကို ရိုက်ချိုးချလိုက်တာတဲ့ ခင်ဗျ။

"ပြည်သူတွေအနေနဲ့ လျှပ်စစ်ဓာတ်အားနဲ့ လောင်စာဆီကို ချွေတာသုံးစွဲကြပါခင်ဗျာ။ ဒါကြောင့်မို့ စက်သုံးဆီကို ချွေတာတဲ့အနေနဲ့ စက်ဘီးကဲ့သို့သောယာဉ်တွေကို တိုင်းချစ်ပြည်ချစ်စိတ်နဲ့ စီးနင်းကြပါတဲ့ကွာ။"

" ဟား ဟား ဟား ဟား ဟား ဟား . . . "

" စောက်ရူးကြီးပါကွာ . . သူ့ကျတော့ နိုင်ငံရဲ့စစ်တပ်ကို သူ့ကိုယ်ပိုင်တပ်လိုလုပ်ပြီး  ဈေးကြီးလွန်းလှတဲ့ လေယာဉ်စက်သုံးဆီတွေထည့်ရတဲ့ တိုက်လေယာဉ်တွေ တဝှီးဝှီး၊ ရဟတ်ယာဉ်တွေ တဒီးဒီးနဲ့ တစ်နိုင်ငံလုံးကို လှည့်ပတ်ပြီး ဗုံးတွေကြဲတဲ့ မသာကြီး။ ပြည်သူ့ဘဏ္ဍာငွေတွေကို စိတ်ရှိတိုင်း ဖြုန်းနေတဲ့ ဘုရားဒကာကြီး "

" ဟီး ဟီး ဟီး ဟီး ဟီး ဟီး . . . . . . "

" အဲသည်ကောင်က ပြည်သူလူထုကျတော့' စက်ဘီးစီးပါ ' ဘာ ညာ နဲ့။"

" ဟား ဟား ဟား ဟား ဟား ဟား "

ဒီလိုနဲ့ ကျောင်းဝသို့ရောက်လာခဲ့ကြရာ ဖိနပ်ချွတ်ကြရင်း အဘစောမူးသာက ' ရှူး. . တိုးတိုးကွ၊ ဟိုမှာ စိမ်းမောင့်ဆိုင်ကယ်၊ ကျောင်းပေါ်ကို အသာ တက်ကြမယ် " လို့ ပြောပါ၏။

(ဂ)

ကျောင်းပေါ်သို့ ခြေသံလုံစွာ သုံးဦးသားတက်လာခဲ့ကြပြီး တံခါးဝနားမှာ ပြိုင်တူ ရပ်လိုက်ကြပါ၏။ အထဲမှာ ' ဦးအစိမ်းတ ' ကိုယ်တော်နှင့် ' အဘစိမ်းမောင် ' တို့၏  စိမ်းရွှေရွှေ စကားရနံ့များကို ကြားတော်မူကြရပါ၏။

" အေးကွာ . . . သိပ်ကို အလုပ်လုပ်နိုင်တဲ့ နစက ဥက္ကဋ္ဌကြီးပါကွာ "

" တင်ပါ့ဘုရား . . . ဟောဆို ပြင်ဦးလွင်ရောက်လိုက်၊ ဟောဆို ပြည်ရောက်လိုက်၊ဟောဆို မြစ်ကြီးနားရောက်လိုက်၊ ဟောဆို ပူတာအိုရောက်လိုက်ပါ ဘုရာ့ "

" မြစ်ကြီးနားမှာ လူတွေကို စက်ဘီးစီးကြဖို့ မှာတယ်ဆိုတာ ဥပါယ်တမျှဉ်နဲ့ပြောတာကွ၊ ပြည်သူလူထုရဲ့ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်စေချင်တဲ့ သဘောကွ "

" တင်ပါ့ . . . ဒါကို သဘောမပေါက်ဘဲ၊ လူတွေက ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး လျှောက်အာနေကြတာ ဘုရာ့ "

" အေးကွ . . . "

တံခါးပေါက်အကွယ်မှ ကျွန်ုပ်တို့သုံးဦးသားမှာကား ' တဟားဟား ' ပွင့်ထွက် သွားမည်စိုး၍ ပါးစပ်ကိုယ်စီကို လက်ကိုယ်စီဖြင့် အင်အားသုံး၍ပိတ်ဖုံးထားကြရပါ၏။ ခဏနေမှ မင်သေသေနှင့် 

ဝင်ချသွားကြလေရာ ဆရာတော်တို့စကားဝိုင်းမှာ ရုတ်တရက်ကြီး ရပ်ဆိုင်း သွားပါ၏။

ပြီးမှ ကျွန်ုပ်တို့အား ခရီးဦးကြိုနှုတ်ဆက်စကား ပြောကြားလာပါလေ၏။

" ' ဆွမ်းချိုင့် ' စောသားပဲ မူးသာရ "

" တင်ပါ့ဘုရား . . . ဘယ်အချိန်မှ လာမယ်မှန်းမသိတဲ့လျှပ်စစ်ကို ချွေတာတဲ့အနေနဲ့ ထင်းနဲ့ပဲ အစောကြီး ထချက်ခဲ့တာပါ ဘုရား "

" အဲ . . . အိမ်း . . . အိမ်း . . . "

အတန်တန် တားထားတဲ့ကြားက အဘစောမူးသာက လုပ်ချလာပြန်လေပြီ။ အဘလုံးတုံးက ပြုံးတုံးတုံး။ အဘစိမ်းမောင်ကား ဆွံ့အအ။ ကျွန်ုပ်ဖေကြီးမှာ ရယ်မိမည်စိုး၍ အတင်းချုပ်ထားရပါ၏။ သူတို့တွေ စကားဆက်ပြောကြပါလေ၏။

" အေးကွ မူးသာရ . . . ဒါနဲ့ ဆိုင်ကယ်သံမကြား ဘာမကြားနဲ့ဆိုတော့ မင်းတို့ ရောက်လာတာ မသိလိုက်ဘူးဟ "

" တင်ပါ့ဘုရား . . . ဆိုင်ကယ်ဆီဈေးတွေ တာဝတိံသာရောက်ကတည်းကဆိုင်ကယ်ကို အိမ်ကစတိုခန်းချောင်ထဲအပြီးထိုးထည့်ထားလိုက်တာပါ ဘုရာ့ "

" အဲ . . . အင်း . . . အေးပေါ့ကွာ . . .တစ်ကမ္ဘာလုံး စက်သုံးဆီဈေးတွေ ထိုး တက်နေတာ ဆိုတော့လည်း ဒီလိုပေါ့ "

" မှန်ပါ့ ဘုရား . . . "

အမယ်မယ် . . . အတိုင် အဖောက်ညီသွားတာ ကောင်းတဲ့လက္ခဏာပါ ခင်ဗျ။ ကောင်းတဲ့လက္ခဏာဟာ ဘယ်လောက်အထိများ ကြာတတ်ပါသလဲ။ ဆရာတော်က ဆက်၍ မေးတော်မူပါ၏။

" အေး . . . ဆိုင်ကယ်နဲ့လာတာမဟုတ်ဘူးဆိုတော့ ဧကန္တ မင်းတို့တွေ ' စက်ဘီး 'ကိုယ်စီနဲ့ လာကြတာပေါ့ကွ . . . . ဟုတ်လား "

" ဟား ဟား ဟား ဟား ဟား ဟား . . "

အဘစောမူးသာနဲ့ အဘလုံးတုံးတို့ကထလို့ ရယ်ချလိုက်ကျလေရာ တောင်ကျောင်းကိုယ်တော်နဲ့ အဘစိမ်းမောင်တို့မှာ 'ဘာကောင်တွေလဲကွာ ' ဆိုတဲ့ မျက်နှာပေးတွေနဲ့ ဖြစ်သွားကြပါလေ၏။ ပြီးမှ တောင်ကျောင်းကိုယ်တော်က ဆက်မေးပါလေ၏။

" မင်းတို့ ဘာထရယ်တာလဲ . . ' စက်ဘီး ' နဲ့မဟုတ်ဘူးလား "

" မဟုတ်ဘူးဘုရား . . . တပည့်တော်တို့ စက်ဘီးတွေမစီးကြပဲ ' ခြေကျင် ' လာကြ တာပါဘုရာ့ "

" ဟေ . . . အိမ်မှာလည်း ' စက်ဘီးတွေ 'ရှိနေကြတာပဲဟာကို၊ အခုလိုဆိုတော့ ခြေထောက်ညောင်းတာပေါ့ကွာ "

" ညောင်းလည်း ညောင်းပါစေဘုရား . . .' စက်ဘီး ' တော့မစီးပါရစေနဲ့ ကိုယ်တော်"

" ဟေ . . . ဘာဖြစ်လို့တုန်း မူးသာရ "

" ဘာဖြစ်ရမလဲ ဘုရာ့ . . . အရှင်ဘုရားသိတော်မူတဲ့အတိုင်းပဲ၊ ခုခေတ်က လွယ်တာ မဟုတ်ဘူး "

" ဟေလကွာ . . . ဘာဖြစ်လို့တုန်းဟ "

" ဘာဖြစ်ရမလဲဘုရာ့ . . အခုချိန်မှာ 'စက်ဘီး ' စီးတဲ့လူဟာ ' ဒလန် ' ပဲတဲ့ ဘုရား "

" ဟေ . . . "

ဖေကြီး (လေရှီး)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024