ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်မှာ ဒီဇင်ဘာ ၁၄ ရက် မနက်ပိုင်းက စစ်ကောင်စီ တပ်သားတွေ အများစုနေထိုင်တဲ့ မြို့အဝင် စစ်ဆေးရေးဂိတ်မှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကန်ကြီးထောင့်မြို့ မာလကုန်လမ်းဆုံးက စစ်ဆေးရေးဂိတ်နားမှာ မနက် ၆ နာရီခွဲလောက် လက်လုပ်ဗုံးပေါက်ကွဲခဲ့တာတာလို့ မြို့ခံတယောက်က ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိပေမယ့် မိနစ်ပိုင်းအတွင်းမှာ စစ်ကောင်စီတပ်သားတွေက ဒေသခံပြည်သူ ၅ ဦးကိုဖမ်းဆီးပြီး ကန်ကြီးထောင့်မြို့မရဲစခန်းကို ခေါ်သွားတယ်လို့ ဆိုပါတယ်။
ခုဗုံးပေါက်ကွဲမှုဟာ ဒေသခံပြည်သူတွေကို စွပ်စွဲဖမ်းဆီးပြီး ငွေညှစ်ဖို့အတွက် စစ်ကောင်စီဘက်က လုပ်တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ဗုံးပေါက်တာက စစ်ဆေးရေးဂိတ်နဲ့ လှမ်းတယ် တော်လှန်ရေးအင်အားစုတွေလုပ်တာ မဟုတ် လောက်ဘူး။ ဒီစကစကကောင်တွေပြန်လုပ်တာဟုတ်ချင်ဟုတ် မဟုတ်ရင် ရဲတွေလုပ်တာပဲ။ ဘာလို့ဆိုတော့ ဒီလိုပေါက်ကွဲအောင်လုပ်ပြီး ဒေသခံပြည်သူတွေကိုဖမ်းမယ် ပြီးရင်ငွေတောင်းမယ် ဒါမျိုး စီစဉ်တာ။”
အဆိုပါဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ ခုချိန်ထိ အတည်ကျမသိရသေးဘူးလို့ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။