Home
မြန်မာသတင်း
NDF-ပေါက်တပ်ဖွဲ့ လက်နက်ဝယ်ရန် ရွာသားများက ရွှေငွေလှူဒါန်း၊ ပေါက်နှင့် ဆောမြို့နယ် တို့၌ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်အကျအဆုံးရှိ
DVB
·
December 14, 2022

မကွေးတိုင်း၊ ပေါက်မြို့နယ် ကျေးရွာတရွာက ရွာသူရွာသားတွေ စုပေါင်းပြီး NDF-ပေါက်တပ်ဖွဲ့ကို ငွေကြေးနဲ့ ရွှေနားကပ် ၃ ရံ လှူဒါန်းခဲ့တဲ့အတွက် AK47 သေနတ်တလက်နဲ့ ကျည်ဆန်တွေ ဝယ်ယူခဲ့တယ်လို့ NDF-ပေါက် တပ်ဖွဲ့ကနေ သိရပါတယ်။

NDF-ပေါက်တပ်ဖွဲ့ တာဝန်ခံ ဗိုလ်စနေက “ပေါက်မြို့နယ် ကျေးရွာတရွာက ပြည်သူတွေစုပေါင်းပြီး ကျနော်တို့တပ်ဖွဲ့ကို လက်နက်ဝယ်ယူဖို့ သိန်း ၂၁၀ ကျပ် ထောက်ပံပေးတာကို AK47 သေနတ်တလက်နဲ့ ကျည်ဘောက် ၂ ခုကို သိန်း ၁၉၀ ကျပ်နဲ့ ကျန်တဲ့ ငွေ သိန်း ၃၀ ကျပ်ကိုတော့ ကျည်ဆန်တွေ ဝယ်ယူခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် အဲဒီကျေးရွာက မနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့မှာပဲ ရွှေနားကပ် ၃ ရံနဲ့ ငွေကျပ် ၁ သိန်း ထပ်မံလှူဒါန်းခဲ့လို့ နားကပ်တွေကိုတော့ လက်နက်ခဲယမ်းတွေ ဝယ်ယူနိုင်ဖို့ ကံစမ်းမဲဖောက် ရောင်းချပေးသွားမှာဖြစ်လို့ မိဘပြည်သူတွေအနေနဲ့ မိမိတို့တတ်နိုင်သ၍ အားပေးကူညီကြဖို့ကိုလည်း မေတ္တာရပ်ခံချင်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ပေါက်မြို့နယ်မှာ စစ်ကောင်စီက ရွာတွေကို ဆက်တိုက်မီးရှို့ဖျက်ဆီး၊ အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ပြုလုပ်နေပေမဲ့ တော်လှန်ရေးအတွက် လုံးဝသွေးအေးမသွားဘဲ အခုလို ထောက်ပံလှူဒါန်းတာဟာ ပြည်သူလူထုရဲ့ တော်လှန်ရေးစိတ်ဓာတ် ပြင်းထန်တာကို ပြသရာရောက်တာကြောင့် ကျနော်တို့တပ်ဖွဲ့ အနေနဲ့ စစ်အာဏာရှင် အမြစ်ပြတ် ပြုတ်ကျတဲ့အထိ တိုက်ပွဲဝင်သွားမယ်” လို့ ဗိုလ်စနေက ပြောပါတယ်။

ပေါက်မြို့နယ်မှာ ဒီဇင်ဘာ ၁၃ ရက် ညနေပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ PDF တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးကာ PDF ရဲဘော် ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပေါက်တောင်ပိုင်းပြောက်ကျားတပ်ဖွဲ့ (SPGF) တပ်ခွဲ-၁ ကနေ သိရပါတယ်။

ပေါက်တောင်ပိုင်းပြောက်ကျားတပ်ဖွဲ့ (SPGF) တပ်ခွဲ-၁ က ဗိုလ်တစ္ဆေဦးဆောင်တဲ့အဖွဲ့ဟာ ဒီဇင်ဘာ ၁၃ ရက် ညနေ ၄ နာရီခွဲက လက်နက်ခဲယမ်းတွေသယ်ဆောင်ပြီး ကားနဲ့ပြန်လာရာ ဖိုးဖြူလုံးကန်ရွာနားက ဇရပ်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်နဲ့ ထိပ်တိုက်တိုးပြီး တိုက်ပွဲဖြစ်ပွားခဲ့တာလို့ SPGF တပ်ခွဲ-၁ ပြန်ကြားရေးတာဝန်ခံ ကိုမိုက်ခဲက ပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးပြီး SPGF ဘက်က ရဲဘော် ၃ ယောက် ဒဏ်ရာရရှိကာ G3 သေနတ်တလက်၊ ကားတစီးနဲ့ ဖုန်းတလုံး သိမ်းဆည်းခံလိုက်ရတယ်လို့ ဆိုပါတယ်။

“ပေါက်မြို့နယ် တောင်ပိုင်းကို ဒီဇင်ဘာ ၇ ရက်နေ့ကတည်းက စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးဝင်ရောက်နေပြီး မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားကာ ကျေးရွာ ၇ ရွာလောက်က အိမ်ခြေ ၅၀၀ ကျော်လောက်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီး အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီးတယောက်ကိုလည်း သတ်ဖြတ်သွားကြတယ်” လို့ ကိုမိုက်ခဲက ပြောပါတယ်။

စစ်ကောင်စီဘက်က စစ်ကြောင်း ၂ ကြောင်းခွဲပြီး ပေါက်မြို့နယ် မြောက်ပိုင်းကို နိုဝင်ဘာ ၁၉ ရက်နဲ့ တောင်ပိုင်းကို ဒီဇင်ဘာ ၇ ရက်ကနေ ၁၄ ရက်နေ့အထိ စစ်ကြောင်းထိုး ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့လို့ ကျေးရွာ ၁၇ ရွာက အိမ်ခြေ ၁,၅၀၀ လောက် မီးလောင်ဆုံးရှုံးခဲ့ပြီး ဒေသခံ ပြည်သူ ၁၆,၀၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကာ လူသားချင်း စာနာမှုဆိုင်ရာ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

အလားတူ မကွေးတိုင်း၊ ဆောမြို့နယ်၊ လောင်းရှည်ဒေသမှာလည်း စစ်ကောင်စီစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၅ ယောက် သေဆုံးကာ PDF ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ဂန့်ဂေါခရိုင် အမှတ်-၆ တပ်ရင်း လောင်းရှည်-PDF က ထုတ်ပြန်ပါတယ်။

လောင်းရှည်-PDF ပြန်ကြားရေးတာဝန်ခံ ဗိုလ်မာဂက “ဆောမြို့နယ် ညောင်ပင်ကျေးရွာနဲ့ ကံလယ်ကျေးရွာဘက်ကို ကား ၂ စီးနဲ့ စစ်ကြောင်းထိုးလာတဲ့ ကပစ ၂၁ က စစ်ကောင်စီတပ်သား အင်အား ၇၀ လောက်ကို ဒီဇင်ဘာ ၁၀ ရက် မနက် ၇ နာရီလောက်မှာ လောင်းရှည် PDF က မိုင်းတွေ၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးပြီး ကားတွေကို ဇွတ်မောင်းပြေးသွားလို့ ကျနော်တို့ဘက်က လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် စစ်(--) ၁၀ ယောက်လောက် အပြင်းအထန် ဒဏ်ရာရသွားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲဒီ စစ်ကားပေါ်ကနေ ချခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကံလယ်ကျေးရွာဘက်ကို စစ်ကြောင်းထိုးပြီး မိုင်းဖော်ဖို့ လုပ်နေတဲ့အချိန် ပြည်သူ့ကာကွယ်ရေးတပ်ဘက်က လက်ဦးမှုရယူ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးပြီး ၃ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ကံလယ်ကျေးရွာဘက်ကို သတင်းစုံစမ်းဖို့သွားတဲ့ ကျနော်တို့ဘက်က ရဲဘော် ၂ ယောက်ကတော့ စစ်(...)စစ်ကြောင်းနဲ့ ပိတ်မိသွားပြီး ပစ်ခတ်ခံလိုက်ရလို့ ကျဆုံးခဲ့ရပြီး ညပိုင်းမှာတော့ စစ်(...)တွေက ပြည်သူတွေရဲ့ နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်” လို့ ဗိုလ်မာဂက ပြောပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော် ၂ ယောက်ကတော့ အသက် ၂၀ တယောက်နဲ့ ၂၈ နှစ် တယောက်ဖြစ်ပြီး သူတို့ရဲ့အလောင်းတွေကို ဆယ်ထုတ်ကာ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ စျာပန အခမ်းအနား ပြုလုပ်ပေးရတာကြောင့် ပြည်သူတွေနဲ့ ရဲဘော်တွေရဲ့ လုံခြုံရေးအရ သတင်းထုတ်ပြန်မှု နောက်ကျခဲ့ရတာလို့ ဆိုပါတယ်။

ဒီတိုက်ပွဲနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024