Home
မြန်မာသတင်း
သေဒဏ်ပေးကွပ်မျက်မှု ရပ်ဆိုင်းထားရန် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး တောင်းဆို
DVB
·
December 3, 2022

စစ်ကောင်စီရဲ့ လျှို့ဝှက်စစ်ခုံရုံးကနေ မြန်မာနိုင်ငံသားအမြောက်အမြားကို သေဒဏ်ချမှတ်နေတာကို ဆိုင်းငံ့ထားဖို့နဲ့  သေဒဏ်ပေးကွပ်မျက်မှုအားလုံးကို ရပ်နားထားဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးကို စစ်ကောင်စီရဲ့စစ်ခုံရုံးက နိုဝင်ဘာ ၃၀ ရက်က သေဒဏ်ချမှတ်ခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ လူပေါင်း ၁၃၀ ကျော်ကို သေဒဏ်ချမှတ်ခဲ့တာနဲ့ပတ်သက်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး မစ္စတာ ဗော်လ်ကာတာ့က်က ဒီဇင်ဘာ ၂ ရက်မှာ ထုတ်ပြန်ပြောကြားခဲ့တာပါ။ 

ဗော်လ်ကာတာ့က်က “မြန်မာစစ်တပ်ဟာ တရားခွင်တခုရဲ့ အခြေခံမူဖြစ်တဲ့ တရားမျှတမှုကို ဖောက်ဖျက်ကျူးလွန်သလို တရားရေးရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ လွတ်လပ်ပြီး တရားမျှတရမယ်ဆိုတဲ့ အာမခံချက်တွေနဲ့လည်း ကိုက်ညီမှုမရှိတဲ့ သူတို့ရဲ့ လျှို့ဝှက်စစ်ခုံရုံးကနေ ပြစ်ဒဏ်ချမှတ်တာတွေ ဆက်လက်ကျူးလွန်နေဆဲဖြစ်တယ်” လို့ ပြောပါတယ်။

တရားမျှတတဲ့ တရားခွင်ဖြစ်ဖို့ မဖြစ်မနေရှိရမယ့် အခြေခံ အာမခံချက်တခုဖြစ်တဲ့ ပွင့်လင်းမြင်သာမှုဆိုတာဟာ စစ်ခုံရုံးတွေမှာ ဘယ်တော့မှ မရှိခဲ့ဘူးလို့လည်း မစ္စတာ တာ့က်က အသားပေးပြောကြားခဲ့ပါတယ်။ 

ဒီဇင်ဘာ ၁ ရက်ကလည်း နိုင်ငံရေးလှုပ်ရှားသူ နောက်ထပ်လူငယ် ၄ ဦးကိုလည်း စစ်ခုံရုံးက သေဒဏ်ချမှတ်ခဲ့တယ်လို့ သတင်းတွေမှာ ထပ်မံဖော်ပြခဲ့ကြပြီး အဲဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ အသေးစိတ်သတင်းအချက်အလက်တွေကို ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာရုံးခွဲက စုံစမ်းနေတယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၃၀ လောက်အတွင်း ပထမဆုံးအကြိမ်အဖြစ် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်တို့ အပါအဝင် လေးဦးကို စစ်ကောင်စီက သေဒဏ်ပေးကွပ်မျက်ခဲ့တာ ဖြစ်ပါတယ်။ 

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး မစ္စတာ ဗော်လ်ကာတာ့က်က “မြန်မာစစ်တပ်က အတိုက်အခံတွေကို ဖြို့ခွင်းဖို့အတွက် သေဒဏ်ပေးတာကို လက်နက်တစ်ခုလို အသုံးချနေတာ ဖြစ်ပါတယ်။ ဒါကိုကြည့်ရင် သူတို့ဖန်တီးလို့ နိုင်ငံတွင်းမှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ လူ့အခွင့်အရေး ပြဿနာတွေ အပြီးသတ်ရေးအတွက် ဆွေးနွေးညှိနှိုင်းမယ့် နိုင်ငံရေးစကားဝိုင်း ဖြစ်ပေါ်လာရေးဆောင်ရွက်နေတဲ့ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတွေရဲ့ ကြိုးပမ်းမှုကို မြန်မာစစ်တပ်က လုံးဝဂရုမစိုက်ဘူးဆိုတာကို ပြနေတာပဲ” လို့ ပြောပါတယ်။ 

ပြီးခဲ့တဲ့နှစ်က အာဏာသိမ်းမှုကို ဆန့်ကျင့်ခဲ့ကြလို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ ၁၆,၅၀၀ ဝန်းကျင်ထဲက ၁,၇၀၀ နီးပါးဟာ အရေးပေါ်လျှို့ဝှက်တရားခွင်မှာ ပြစ်ဒဏ်အမျိုးမျိုးချမှတ်ခံခဲ့ရပြီး၊ ပြစ်ဒဏ်ချမှတ်ခံရသူတွေဟာ ရှေ့နေ၊ မိသားစုတွေနဲ့လည်း တွေ့ဆုံခွင့်မရခဲ့ကြဘူးလို့ ဆိုပါတယ်။

အခုနောက်ဆုံးသိရတဲ့ သေဒဏ်ချမှတ်ခံရသူတွေအပါအဝင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နေ့ နောက်ပိုင်း သေဒဏ်ချမှတ်ခံရသူ စုစုပေါင်း ၁၃၉ ဦးရှိပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေချက်ချင်းရပ်တန့်ဖို့ အပါအဝင် အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကိုသာ ဆက်လက်အကောင် အထည်ဖော်သွားမယ်လို့ ပြီးခဲ့တဲ့ အာဆီယံညီလာခံမှာ ထပ်မံအတည်ပြုခဲ့ပေမဲ့ မြန်မာစစ်တပ်က ဘယ်အချက်ကိုမှ လိုက်နာ ဆောင်ရွက်ခဲ့တာမရှိဘူးလို့လည်း မစ္စတာတာ့က်က ထပ်မံသတိပေးခဲ့ပါတယ်။ 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူးတားရပ်စ်ကလည်း အကြမ်းဖက်မှုတွေ၊ အင်အားအဆမတန်သုံးဖြိုခွင်းမှုတွေနဲ့ စိတ်မချမ်းမြေ့ဖွယ်ရာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ဆန့်ကျင်ကန့်ကွက်ရှုတ်ချကြောင်း၊ မြန်မာနိုင်ငံက နိုင်ငံရေး၊ လုံခြုံရေး၊ လူ့အခွင့်အရေးနဲ့ လူမှုဘဝအခြေအနေတွေဟာ တဖြည်းဖြည်းပိုဆိုးလာနေတဲ့ ဘက်ပေါင်းစုံ ကပ်ဘေးဖြစ်နေပြီလို့ ပြီးခဲ့တဲ့ အာဆီယံညီလာခံမှာ သတိပေးပြောကြားခဲ့ပါတယ်။ 

တချိန်တည်းမှာပဲ မြန်မာစစ်တပ်ရဲ့  အဓမ္မရွှေ့ပြောင်းခိုင်းမှုကြောင့်  လူဦးရေ ၅၀,၀၀၀ ကျော် အိုမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရကြောင်းနဲ့  အတင်းအဓမ္မဖိအားပေးပြီး နေအိမ်တွေဖျက်စီးခိုင်းတာဟာ အခြေခံလူ့အခွင့်အရေးရဲ့ ရပိုင်ခွင့်တွေကို ချိုးဖောက်မှုဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကျွမ်းကျင်သူ နှစ်ဦးက ပြောပါတယ်။ 

မကြာသေးခင်က ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်မှာ ဂရမ်မရှိတဲ့ အိမ်တွေကို အစားထိုးနေစရာပြန်မပေးဘဲ စစ်ကောင်စီကဖိအားပေးဖယ်ရှားခိုင်းခဲ့တာကြောင့် လူဦးရေ ၄၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

ဒီအထဲက အများစုဟာ ဆယ်စုနှစ်နဲ့ချီ နေလာခဲ့တဲ့ သူတို့ရဲ့အိမ်ကိုဖျက်ဖို့ ရက်ပိုင်းပဲ အချိန်ရခဲ့ကြကြောင်း၊ အိမ်တွေဖျက်ဖို့ အကြောင်းကြားစာရခဲ့ပြီးတဲ့နောက်မှာ ပြောင်းရွှေ့နေထိုင်စရာမရှိတဲ့အတွက် အရပ်သားအချို့ အခက်အခဲဖြစ်ခဲ့ကြရပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့သူ နှစ်ဦးရှိခဲ့ပါတယ်။ 

“မင်္ဂလာဒုံကအိမ်တွေကို ဖိအားပေးဖျက်ဆီးရွှေ့ပြောင်းခိုင်းတယ်ဆိုတာ အပေါ်ယံလေးပဲရှိ သေးတယ်။ အကြမ်းဖက်ဖိအားပေးပြီး စိတ်ထင်တိုင်း အိမ်တွေကိုဖျက်ဆီးခဲ့တာ တစ်နိုင်ငံလုံးအနှံ့ပဲ” လို့ လိုအပ်ချက်နဲ့အညီ နေစရာအိမ် ရရှိရေးဆိုင်ရာ အထူးကိုယ်စားလှယ် ဘာလာခရစ်ရှ်နန်ရာဂျာဂိုပယ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် သောမတ်စ်အန်းဒရူးစ်တို့က ပြောပါတယ်။ 

မြန်မာနိုင်ငံထဲမှာ မြို့ပေါ်က ဂရမ်မရှိတဲ့ အိမ်တွေပဲ ဖိအားပေးဖျက်ဆီးဖယ်ရှားခံရတာမဟုတ်ဘဲ ကျေးရွာတွေမှာဆိုရင်လည်း မြန်မာစစ်တပ်က ဗုံးကြဲတာတွေ စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ အရပ်သားလက်နက်ကိုင်အဖွဲ့တွေက ရွာတွေကို မီးရှို့ဖျက်ဆီးတာတွေကို စီမံကိန်းချပြီး စနစ်တကျဖျက်ဆီးနေကြတာလို့လည်း ကုလကျွမ်းကျင်သူတွေက ပြောပါတယ်။

အာဏာသိမ်းပြီးချိန်နောက်ပိုင်း မြန်မာစစ်တပ်က ဖျက်ဆီးခဲ့တဲ့နေအိမ်ပေါင်း ၃၈,၀၀၀ ကျော်ရှိပြီး လူပေါင်း ၁ ဒသမ ၁ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း၊ နိုဝင်ဘာ ၂၃ ရက်နေ့မှာလည်း မြန်မာစစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ကျွန်းလှမြို့နယ်ထဲက နေအိမ် ၉၅ လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး ဒီလုပ်ရပ်တွေဟာ ၂၀၁၇ ခုနှစ်တုန်းက ရိုဟင်ဂျာရွာတွေကို လူမျိုးတုံးသတ်ဖြတ် နှိမ်နင်းရေးကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေနဲ့လည်း ပုံစံတူဖြစ်တယ်လို့ သူတို့က ပြောပါတယ်။ 

မြန်မာစစ်တပ်ဟာ မြေလှန်တဲ့ မူဝါဒကို ကျယ်ကျယ်ပြန့်ပြန့်ကျင့်သုံးနေပြီး အဲဒီပုံစံအတိုင်းကိုပဲ ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေကြတာဖြစ်တယ်လို့ ကုလသမဂ္ဂထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024