Live
Home
မြန်မာသတင်း
ပေါက်မြို့နယ်၌ စစ်ကောင်စီတပ်က ရွာမီးရှို့၊ ပခုက္ကူတွင် တပ်ရိက္ခာပို့ကား တိုက်ခိုက်ခံရ
DVB
·
December 2, 2022

မကွေးတိုင်း၊ ပေါက်မြို့နယ် ချောင်းဝကျေးရွာကို ဒီဇင်ဘာလ ၁ ရက် မွန်းလွဲပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ချောင်းဝကျေးရွာကို မနေ့က မွန်းလွဲ ၁ နာရီလောက်မှာ အင်အား ၁၀၀ ကျော်လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းက ရွာတောင်ပိုင်းနဲ့ အနောက်ပိုင်းကို မီးရှို့ ဖျက်ဆီးခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီတပ်တွေ ကင်းပုန်းဝပ်နေလို့ အိမ်ခြေ ဘယ်လောက်မီးလောင်ဆုံးရှုံးခဲ့တယ်ဆိုတာကို မသိရသေးဘူးလို့ ချောင်းဝရွာဒေသခံတယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်တွေ စစ်ကြောင်းစထိုးကတည်းက နိုဝင်ဘာ ၁၉ ရက်နဲ့ ၂၀ ရက်နေ့တွေမှာ အိမ်ခြေ ၁၀၀ လောက်ရှိတဲ့ ချောင်းဝ ရွာသူရွာသားတွေအားလုံး အဝတ်တထည် ကိုယ်တခုနဲ့ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရတာဖြစ်ပြီး ရွာကို မီးရှို့ဖျက်ဆီးနေတာကိုတော့ အဝေးကနေ လှမ်းမြင်နေရတာ လို့ဆိုပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ နီးစပ်ရာတောတောင်တွေမှာ ဖြစ်သလို မိုးကာတဲထိုးပြီးနေနေကြရသလို ဘုန်းကြီးကျောင်းတွေနဲ့ ဆွေမျိုး မိတ်ဆွေတွေဆီမှာ ခိုလှုံနေကြရကာ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ အဝတ်အထည်၊ စားနပ်ရိက္ခာ၊ ဆေးဝါးတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ်အကူညီလိုအပ်နေတယ်လို့ ပြောပါတယ်။

ပေါက်မြို့နယ်မှာ နိုဝင်ဘာ ၁၉ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေ မီးရှို့ဖျက်ဆီးခဲ့လို့ ကျေးရွာ ၉ ရွာလောက်က အိမ်ခြေ ၈၀၀ ကျော် လောက်မီးလောင်ဆုံးရှုံးပြီး ပြည်သူတွေအိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာတော့ ကမ္မမြို့ကနေ မြိုင်မြို့နယ် ကျောက်ခွက်၊ ဖလံကိုင်း ရေနံမြေရဲစခန်းတွေကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီတပ်ကကားကို နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ လမ်းတလျှောက် မိုင်းတွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၄ ယောက် သေဆုံးကာ ၅ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။

မြိုင် ပ.က.ဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက  “ကမ္မမြို့ဘက်ကနေ မြိုင်မြို့နယ် ကျောက်ခွက်နဲ့ ဖလန်ကိုင်း ရေနံမြေစခန်းတွေကို နိုဝင်ဘာ ၃၀ ရက်နေ့မှာ ရိက္ခာပို့ဖို့ ထွက်လာတဲ့ စစ်ကားတစီးကို တဲကြီးရွာနဲ့ နယ်သတ်ရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်လိုက်လို့ ကားက ဖြည်းဖြည်းချင်းသာမောင်းလာပြီး နယ်သတ်ရွာနားမှာ ရပ်တန့်ပြီး ပြုပြင်နေတဲ့အချိန် ဒီဇင်ဘာ ၁ ရက်နေ့မှာ ဒရုန်းနဲ့ အီနာဂါ ဗုံးသီးတွေ ဖြုတ်ချပြီး တိုက်ခိုက်ခဲ့တယ်”လို့ ပြောပါတယ်။

ကားပြင်နေတဲ့ စစ်ကောင်စီတပ်သား ၇ ယောက်ဟာ ဒီဇင်ဘာ ၂ ရက် မနက် ၇ နာရီခွဲ လောက်မှာ နယ်သတ်ရွာထဲကို ဝင်လာလို့ မိုင်းအကြီး ၄ လုံးနဲ့ တိုက်ခိုက်ခဲ့ရာမှာ ၄ ယောက် သေဆုံးကာ ၃ ယောက် အပြင်းထန်ရသွားတယ်လို့ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင် ပ.က.ဖ တပ်ရင်း (၁) နဲ့ ကျေးရွာကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်းမှာ အထိနာသွားတဲ့ စစ်(...)တွေဟာ ရိက္ခာတွေကို ပို့ဆောင်နိုင်ခြင်းမရှိတော့ဘဲ့ သေဆုံးသွားတဲ့ စစ်သား အလောင်းတွေကို ကားပေါ်တင်ပြီး မီးရှို့သွားကြတယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။

မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်တွေမှာ ဒီဇင်ဘာ ၁ ရက်ကလည်း စစ်ကောင်စီတပ်သားတွေနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၂ ယောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024