မန္တလေးတိုင်းအတွင်း ဝန်ထမ်းအိမ်ရာတွေမှာ နေထိုင်တဲ့ CDM ဝန်ထမ်းတွေကို ဖမ်းဆီးအရေးယူဖို့ မန္တလေးတိုင်းစစ်ကောင်စီက လျှို့ဝှက်ညွှန်ကြားချက်ကို နိုဝင်ဘာလ တတိယပတ်ထဲမှာ ထုတ်ခဲ့ပါတယ်။
မန္တလေးတိုင်းရှိ အရပ်ဘက် ဌာနဆိုင်ရာတွေမှာ CDM ဝန်ထမ်းတွေကို ပြန်လည်စိစစ်နိုင်မှု အားနည်းချက်အပေါ် အခွင့်ကောင်းယူကာ CDM ဝန်ထမ်းတွေဟာ ဝန်ထမ်းအိမ်ရာတွေမှာ ပြန်လည်ဝင်ရောက် နေထိုင်တာတွေ ရှိတယ်ဆိုပြီး ညွှန်ကြားချက်မှာ ဖော်ပြထားပါတယ်။
CDM ဝန်ထမ်းတဦးက “ဝန်ထမ်းအိမ်ရာမှာ နေထိုင်တဲ့သူ မရှိနိုင်ဘူး။ ဘာလို့လဲဆိုတော့ CDM ဝန်ထမ်းက နဂိုကတည်းကမှ စိုးရိမ်နေကြတာ၊ ဘာလို့ ဝန်ထမ်းအိမ်ရာတွေမှာ နေမှာလဲ” လို့ မှတ်ချက်ပေးပါတယ်။
CDM ဝန်ထမ်းတွေကို ဌာနဆိုင်ရာ ဝန်ထမ်းအိမ်ရာတွေမှာ ဝင်ရောက်နေထိုင်မှု မရှိစေရေးအတွက် စစ်ဆေးဆောင်ရွက်ကာ ဝင်ရောက်နေထိုင်ပါက ဖမ်းဆီးနိုင်ရေး စီမံဆောင်ရွက်သွားဖို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ကလည်း အကြောင်းကြားလာတာ ရှိတယ်လို့ သိရပါတယ်။