Home
မြန်မာသတင်း
မြန်မာနိုင်ငံကို ဂျပန်မှ ရင်းနှီးမြှုပ်နှံမှုအသစ်များ ထပ်ဝင်ရန်မလွယ်တော့ဟု စီးပွားရေးသုတေသီများ သုံးသပ်
DVB
·
November 28, 2022

ဂျပန်နိုင်ငံရေးနဲ့ စီးပွားရေးလောကမှာ အတော်အတန်သြဇာအာဏာရှိတဲ့ ဂျပန်နိုင်ငံသား မစ္စတာ ဝါတာနာဘေးနဲ့ စစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ တွေ့ဆုံခဲ့ပြီး သီလဝါ အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးရေးအတွက် အပြန်အလှန် ဆွေးနွေးခဲ့ပေမဲ့ မြန်မာနိုင်ငံကို ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုအသစ် ထပ်မံဝင်ရောက်လာဖို့မလွယ်တော့ဘူးလို့ စီးပွားရေးသုတေသီတွေက သုံးသပ်ပြောပါတယ်။

စစ်ကောင်စီ ပြန်ကြားရေးသတင်းအရ ဒီတွေ့ဆုံမှုမှာ ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းက ဆက်လက်ပူးပေါင်းဆောင်ရွက်မယ့် အခြေအနေတွေ အပါအဝင် ဂျပန်နိုင်ငံရဲ့ ရင်းနှီးတည်ဆောက်မှုနဲ့ လည်ပတ်နေတဲ့ သီလဝါအထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လက်ရှိအခြေအနေအရ ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ အသစ်ထပ်မံ ဝင်ရောက်လာဖို့ မဖြစ်နိုင်ဘူးလို့ စီးပွားရေးသုတေသီတွေက ထောက်ပြထားပါတယ်။

နိုင်ငံရေးနဲ့စီးပွားရေးဆိုင်ရာလေ့လာသူ သုတေသီတဦးက “မစ္စတာ ဝါတာနာဘေးက ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းရဲ့ ဥက္ကဋ္ဌ၊ ပြီးတော့ သူက လွှတ်တော်အမတ်ဟောင်းပေါ့နော်။ အဲဒီတော့ ကျနော်တို့ သိရသလောက်က ဂျပန်နိုင်ငံရဲ့ နိုင်ငံရေးလောကအပြင် စီးပွားရေးလောကမှာလည်း သူက သြဇာညောင်းတယ်။ ဒါပေမဲ့ သူက အဘိုးကြီး ဖြစ်သွားပြီပေါ့နော်။ အဲဒီလို အဘိုးကြီးတွေ အဖွဲ့အုပ်စုတစု ရှိတယ်။ သူတို့က မြန်မာပြည်ကို သံယောဇဉ်ရှိတယ်။ မြန်မာနိုင်ငံကို အကူအညီ ပေးချင်တယ်။ မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေချင်တယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ ဖြစ်ခဲ့တဲ့ စစ်တပ်က အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဂျပန်လွှတ်တော်မှာ လူငယ် လွှတ်တော်အမတ်တွေက ဒီအပေါ် မကျေနပ်ကြဘူး။ မကျေနပ်ဘူးဆိုတဲ့ နောက်ကွယ်မှာ စီးပွားရေးအရ အရေးယူမှုတို့ အကူအညီပေးနေတာတွေ ဆက်မပေးဖို့ဆိုတဲ့ နောက်ဆက်တွဲတွေ ပါလာတယ်” လို့ ပြောပါတယ်။

ဒါကြောင့် လူငယ်လွှတ်တော်အမတ်အများစုပါဝင်တဲ့ ဂျပန်နိုင်ငံရေးသမားတွေရဲ့ တောင်းဆိုမှုကို ကျော်လွန်ပြီး မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု အသစ်ထပ်မံဝင်လာဖို့က ဖြစ်နိုင်ခြေ အင်မတန်မျှ အားနည်းလို့ နေပါတယ်။

နိုင်ငံရေးနဲ့စီးပွားရေးဆိုင်ရာလေ့လာသူ သုတေသီတဦးက “အဲဒီလို မကျေနပ်တဲ့အဖွဲ့က ဂျပန်လွှတ်တော်ထဲမှာ အားပိုကောင်းတာ တွေ့ရတယ်။ ရာခိုင်နှုန်းအားဖြင့်ဆိုရင် သုံးပုံ နှစ်ပုံ ရှိတဲ့ လူငယ်လွှတ်တော်အမတ်တွေ ပါဝင်တဲ့ အုပ်စုက စစ်ကောင်စီကို စီးပွားရေးအရ အရေးယူရမယ်။ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်သင့်ဘူး။ လုပ်ငန်းရှင်တွေလည်း မသွားသင့်ဘူးပေါ့။ ဒါပေမဲ့ မစ္စတာ ဝါတာနားဘေးတို့ ပါဝင်တဲ့ ရှေးရိုးစွဲအုပ်စုကတော့ မြန်မာပြည်က မထွက်စေချင်ဘူး။ သီလဝါစီမံကိန်း လုပ်ခဲ့တာက အဲဒီအုပ်စုက လုပ်ခဲ့ကြတာ။ မစ္စတာဝါတာနာဘေးက သမ္မတဦးသိန်းစိန်နဲ့လည်း ရင်းနှီးတယ်။ ပြီးတော့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း ရင်းနှီးတယ်။ ဒါကြောင့်ပဲ ဟိုတလောက ဂုဏ်ထူးဆောင်ဆုတွေ ချီးမြှင့်တုန်းက မစ္စတာ ဝါတာနာဘေးကိုလည်း ဆုချီးမြှင့်လိုက်သေးတယ်နော်။ ထားပါတော့။ အဲ့ဒီ့ အဘိုးကြီးတွေပါဝင်တဲ့ အုပ်စုကို နိုင်ငံရေးလောကမှာ သူတို့ကို ကွန်ဆာဗေးတစ် ရှေးရိုးစွဲ ရှိတဲ့ သူတွေလို့ သတ်မှတ်ထားတဲ့အပြင် အဲဒီလူတွေရဲ့ သြဇာအာဏာက အတိုင်းအတာ တခုထိတော့ ရှိသေးတယ် ဆိုပေမဲ့ အတော်အားနည်းသွားပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် ဂျပန်နိုင်ငံသားတွေအနေဖြင့် ရင်းနှီးမြှုပ်နှံတဲ့နေရာမှာ ဂျပန်အစိုးရရဲ့ အာမခံမှု မရှိဘဲနဲ့ လုပ်ကိုင်လေ့ မရှိတဲ့အကြောင်း စီးပွားရေးသုတေသီ တဦးကလည်း အခုလို သုံးသပ်ပြောပါတယ်။

စီးပွားရေးပညာရှင် သုတေသီတဦးက “ဂျပန်လုပ်ငန်းရှင်တော်တော်များများက ဂျပန်အစိုးရရဲ့ ပေါ်လစီနဲ့ ချိတ်ဆက်ထားကြတာ။ ဆိုလိုတာက ဂျပန်အစိုးရရဲ့ အာမခံမှုနဲ့ သေချာမှ သူတို့က လာလုပ်ကြတာ ဖြစ်တယ်။ ဒါကြောင့် ဂျပန်အစိုးရ အကူအညီ မပါဘဲနဲ့ လွတ်လွတ်လပ်လပ် သူတို့ဘာသာ စွန့်စားပြီး လာတာဆိုတာ မရှိသလောက် အရမ်းရှားတာ တွေ့ရတယ်။ လက်ရှိမှာဆိုရင်လဲ ဂျပန်အစိုးရရဲ့ပေါ်လစီက စစ်ကောင်စီကို မကူညီရေးဘက်ကို သွားနေတာ ဖြစ်လို့ ဂျပန်လုပ်ငန်းရှင်တွေ လာဖို့က တော်တော်ခက်ခဲလိမ့်မယ်။ ဆိုတော့ ခြုံပြောရရင် လက်ရှိ ရှိနေတာတွေကိုတော့ သူတို့ ဒီအတိုင်းထားရင် ထားလိမ့်မယ်။ အဲဒါကို စစ်ကောင်စီနဲ့ ပေါင်းပြီးတော့ ထိန်းဖို့ကြိုးစားရင် ကြိုးစားမယ်။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှုအသစ်အနေနဲ့ ဂျပန်ဘက်က လာဖို့က အတော် ခက်လိမ့်မယ်” လို့သုံးသပ် ပြောပါတယ်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် (၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် Mini Budget) ၆ လတာကာလမှာ သီလဝါအထူးစီးပွားရေးဇုန်အတွင်း နိုငံခြားရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ ၅၆ သန်းနီးပါး ဝင်ရောက်ခဲ့ပြီး အဆိုပါဇုန်အတွင်း စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၈ ဘီလီယံကျော် ရှိတာ တွေ့ရပါတယ်။

စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ စာရင်းအချက်အလက်တွေအရ လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်ကနေ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ပထမ ၇ လအတွင်းမှာ မြန်မာနိုင်ငံကို  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၅၂ ခု၊ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးအနေနဲ့ အမေရိကန် ဒေါ်လာ ၁ ဒသမ ၄၅၁ ဘီလီယံကျော် ဝင်‎ရောက်ခဲ့တယ်လို့ သိရပါတယ်။

စင်ကာပူနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမူက စုစုပေါင်း ဝင်ရောက်မှုရဲ့ ၈၀ ရာခိုင်နှုန်းဝန်းကျင်ထိ ရှိပြီးတော့ ဟောင်ကောင် ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ သန်း ၁၆၀ ကျော်နဲ့ ဒုတိယ အများဆုံးဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024