စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်၊ ပုလဲမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံဌာန ၃ ခုကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၁၂ ဖွဲ့က နိုဝင်ဘာ ၂၄ ရက် ည ၇ နာရီ ကျော်က စတင်ကာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ပုလဲမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ မီးသတ်ရုံး၊ စုပေါင်းရုံးနဲ့ ရဲစခန်းတို့ကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။
ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့ တပ်ရင်းမှူး ကိုဥက္ကာက “ပစ်တာကတော့ ရဲစခန်းကို အရင်ပစ်တာ။ နောက်ပိုင်း တခြားက မီးသတ်ရုံး၊ စုပေါင်းရုံးတွေက ပြန်ပစ်လို့ သူတို့ကိုပါ ပစ်ခတ် ခဲ့တယ်။ ကျနော်တို့ မြို့နားအထိ ချဉ်းကပ်ပြီး လက်နက်ငယ်တွေနဲ့ရော ပစ်ခတ်ခဲ့တယ်။ ကျနော်တို့အဖွဲ့ နောက်ကနေ လိုက်ပစ်တဲ့ကောင်တွေလည်း မိုင်းဆွဲခဲ့သေးတယ်ဗျ။ အကျအဆုံး ကတော့ ညတိုက်ပွဲဆိုတော့ အတိအကျ မသိရသေးဘူး။ ကျနော်တို့အဖွဲတွေဘက်ကတော့ အထိအခိုက် မရှိခဲ့ဘူး” လို့ ပြောပါတယ်။
နိုဝင်ဘာ ၂၂ ရက်ကလည်း ပုလဲမြို့ပေါ်က အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဒေသခံကာကွယ်ရေး အဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံး တွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။