ရုရှားနိုင်ငံက ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မြန်မာ့လယ်ယာကုန်ထုတ်လုပ်မှု ကဏ္ဍမှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ စစ်ကောင်စီခန့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဖိတ်ခေါ်ထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား လယ်ယာကုန်ထုတ်လုပ်မှုနှင့် ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ဆေးနွေးပွဲမှာ ရုရှားနိုင်ငံမှ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ ညွှန်ကြားရေးမှူး မစ္စတာ အလက်ဇန်းဒါးဆာဂီးအ်ဗ်ရှ် ရှာတီရော့ဗ် ခေါင်းဆောင်တဲ့ စီးပွားရေးလုပ်ရှင်တွေနဲ့ စစ်ကောင်စီလက်အောက်ခံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အမှုထမ်းတွေ တက်ရောက်ခဲ့ပြီး တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အဆိုပါတွေ့ဆုံပွဲမှာ စစ်ကောင်စီခန့်ဝန်ကြီး ဦးတင်ထွဋ်ဦးက နှစ်နိုင်ငံအကြား လယ်ယာသားငါးကဏ္ဍနဲ့ပတ်သက်ပြီး ကုန်သွယ်မှုဆိုင်ရာ အခွင့်အလမ်းတွေအပြင် လယ်ယာသွင်းအားစုလုပ်ငန်းနဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံနိုင်တဲ့ အကြောင်း အခုလိုဖိတ်ခေါ်ခဲ့တာပါ။
ဒါပေမဲ့ မြန်မာနဲ့ရုရှား နှစ်နိုင်ငံအကြားမှာ အပြန်အလှန်ဆက်ဆံမှုက အခုချိန်မှ စတင်တည်ဆောက်နေတာဖြစ်လို့ အချိန်ယူရမယ်လို့ မြန်မာလုပ်ငန်းရှင်တွေက ဆိုပါတယ်။
ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တယောက်က “အခုမှ စီးပွားရေးလုပ်ငန်းပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်တာဖြစ်လို့ သူတို့အကြိုက်နဲ့ သူတို့လိုအပ်ချက် ဘာလဲဆိုတာ ဒီဘက်က မသိနိုင်သေးဘူး။ နောက်တချက်က သူတို့က နိုင်ငံကြီးဖြစ်တာကြောင့် ဘေးပတ်ဝန်းကျင် နိုင်ငံတွေဆီက သူတို့လိုတာတွေကို ရနိုင်တယ်။ ပြီးတော့ သူတို့က ဆန်ကို အဓိကစားသုံးတဲ့ နိုင်ငံလည်း မဟုတ်လို့ ဒီကပို့ကုန်တွေအတွက် ခက်တော့ခက်သား။ တခါ သူတို့နဲ့ ညှိနှိုင်းဆောင်ရွက်တဲ့နေရာမှာ ဘာသာစကားရယ်၊ ပြီးတော့ သူတို့သုံးနေတဲ့ စနစ်နဲ့ ဒီဘက်ကသုံးနေတဲ့ စနစ်မတူတာတွေရှိလို့ ကြားခံ (layer) တွေတော့ လိုလိမ့်မယ်ထင်တယ်။ ထုတ်ကုန်ပစ္စည်းတွေကို သယ်ယူပို့ဆောင်ဖို့က အလှမ်းဝေးတော့ ကုန်သွယ်မှုစရိတ်တွေ များနိုင်တဲ့ အချက်ကို လျှော့ချနိုင်ရင်တော့ တမျိုးပေါ့။ ဆိုတော့ အချိန်တော့ ယူရလိမ့်မယ်ထင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒါ့အပြင် မြန်မာနဲ့ ပြည်ပနိုင်ငံတွေအကြား ကုန်သွယ်မှုကိုကြည့်ရင် အိမ်နီးချင်းနိုင်ငံတွေနဲ့သာ အဓိကကုန်သွယ်မှုရှိတာဖြစ်လို့ ရုရှားက အရေးပါတဲ့ ကုန်သွယ်ဘက်နိုင်ငံ မဟုတ်ဘူးလို့ စီးပွားရေးသုတေသီတယောက်က အခုလို မှတ်ချက်ပေးပါတယ်။
“ကုန်သွယ်ရေးမှာ မြန်မာပြည်အနေနဲ့ အဓိကအားထားရတာက တရုတ်နဲ့ အာဆီယံပဲ ရှိတယ်။ ဘာလို့လဲဆို တင်ပို့ရတာကလည်း နီးတယ်။ ဈေးကွက်ကလည်း ကြီးတယ်။ ဒီတော့ ကုန်သွယ်မှုမှာ ရုရှားက အရေးကြီးတဲ့ ကုန်သွယ်ဘက်နိုင်ငံ မဟုတ်ဘူးနော်။ ဘာလို့လဲဆို မြန်မာနိုင်ငံအတွက်က ဈေးကွက်မကြီးလို့လေ။ ဒီတော့ ရုရှားကုမ္ပဏီတွေက ဒီမှာ ဘာတွေလာပြီး ရင်းနှီးမြှုပ်နှံမှာလဲပေါ့။ ကမ္ဘာမှာ ရုရှားက နာမည်ကြီးတာက လက်နက်ရောင်းချတာနဲ့ ရေနံပဲရှိတယ်။ ရုရှားနိုင်ငံရဲ့ ဂျီဒီပီကိုကြည့်ရင် အဓိက တွေ့ရတာက စွမ်းအင်ကဏ္ဍပဲရှိတယ်။ ဒီတော့ သူတို့လုပ်မယ်ဆိုရင် သယံဇာတတူးဖော်ရေးမှာပဲ အများဆုံး ဖြစ်နိုင်တယ်။”
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ရုရှားနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုက ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၉၄ သန်းရှိပြီး အဲဒီပမာဏဟာ ၁၉၈၈-၈၉ မှ ၂၀၁၁-၁၂ အထိ ရင်းနှီးမြှုပ်နှံထားရှိတဲ့ ပမာဏသာ ဖြစ်ပါတယ်။ ဒီ့နောက်မှာတော့ အခုအချိန်အထိ ရုရှားနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုက နောက်ထပ် ဘယ်ရင်းနှီးမြှုပ်နှံမှုအသစ်မှ ဝင်ရောက်လာတာ မရှိသေးပါဘူး။
စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ၂၀၂၂-၂၃ ဘဏ္ဍာနှစ် (စက်တင်ဘာလအထိ) မြန်မာနဲ့ ရုရှား နှစ်နိုင်ငံအကြား အပြန်အလှန် ကုန်သွယ်မှုမှာ ပို့ကုန်က အမေရိကန်ဒေါ်လာ ၅ ဒသမ ၆၅ သန်းရှိပြီး သွင်းကုန်က အမေရိကန်ဒေါ်လာ ၆ ဒသမ ၂၄ သန်း ရှိတာကြောင့် ကုန်သွယ်မှုပမာဏစုစုပေါင်း ၁၁ ဒသမ ၈၉ သန်းရှိတာ တွေ့ရပါတယ်။