စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ပိတောက်ခြုံကျေးရွာကို စစ်ကောင်စီတပ်က စီးနင်းဝင်ရောက်ပြီး မီးရှို့ခဲ့တာကြောင့် နေအိမ် ၆၁ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွာသစ်ကျေးရွာမှာ ညအိပ်တပ်စွဲခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ နိုဝင်ဘာ ၈ ရက် မနက် ၇ နာရီလောက်က ပိတောက်ခြုံကျေးရွာကို စစ်ကြောင်းထိုး စီးနင်းဝင်ရောက်ခဲ့တာဖြစ်ပြီး လူနေအိမ်တွေကို မီးရှို့ခဲ့တာလို့ သိရပါတယ်။
ဒေသခံတယောက်က “ဒီကောင်တွေက ရွာသစ်ဘုန်းကြီးကျောင်းမှာ တညအိပ်ပြီး နောက်ရက် ပိတောက်ခြုံကို စစ်ကြောင်းထိုးလာတာပါ။ စစ်တပ်အင်အား ၁၀၀ လောက်ရှိတယ်။ ဘာတိုက်ပွဲမှ ရှိတာမဟုတ်ဘူး။ အကြောင်းမဲ့သက်သက် ရှို့ခံရတာပါ” လို့ ပြောပါတယ်။
ပိတောက်ခြုံကျေးရွာဟာ အိမ်ခြေ ၂၀၀ လောက်ရှိတဲ့ ကျေးရွာဖြစ်ပြီး စစ်ကောင်စီတပ်က အခုလို စီးနင်းဝင်ရောက် မီးရှို့တာတွေကြောင့် ဒေသခံပြည်သူတွေ ဘေးလွတ်ရာနေရာတွေဆီ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိမှာ စောင်၊ အနွေးထည်နဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။
ပိတောက်ခြုံကျေးရွာမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်ကလည်း စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၇ လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ကျောက်မော်ရွာနဲ့ ကုန်းမော်ရွာတွေကိုကိုလည်း နိုဝင်ဘာ ၈ ရက်နေ့က စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့သွားတယ်လို့ သိရပါတယ်။
ဒေသခံတဦးက “မနေ့မနက်ခင်းမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ရွာထဲကို ဝင်လာတယ်။ ပထမဝင်ပြီး မီးရှို့တယ်။ အဲဒီ ကျောက်မော်ရွာက အိမ် ၁၀၀ လောက် ရှိတယ်။ အဲဒီမှာ နေအိမ် ၁၅ လုံးမီးလောင်သွားတယ်။ ကုန်းမော်ရွာက အိမ်ခြေ ၁၅၀ လောက် ရှိတယ်။ အဲဒီမှာ နေအိမ် ၂၀ လောက် မီးရှို့သွားတယ်။ ရွာနှစ်ရွာပေါင်း ၃၅ လုံး မီးလောင်သွားတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေ စစ်ကြောင်း ဝင်ရောက်လာတာကြောင့် ဘေးလွတ်ရာ ထွက်ပြေးနေရတဲ့ ဒေသခံ ၁၀၀၀ ကျော်လောက်ရှိတယ်လို့ သိရပါတယ်။