Home
မြန်မာသတင်း
မြန်မာကို အာဆီယံအဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းရန် HRW တိုက်တွန်း
DVB
·
November 2, 2022

မြန်မာနိုင်ငံရဲ့ အခြေအနေဟာ “လူထုအခြေပြု၊ ပြည်သူ့အခြေခံ အာဆီယံ” ဆိုတဲ့ အာဆီယံရဲ့ အဓိဋ္ဌာန်နဲ့ လျော်ညီခြင်းမရှိတာကြောင့် အာဆီယံအနေနဲ့ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင် အဖြစ်မှ ရပ်ဆိုင်းထားဖို့ စဉ်းစားသင့်တယ်လို့လည်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က တိုက်တွန်းလိုက်ပါတယ်။

နိုဝင်ဘာလမှာကျင်းပမယ့် အာဆီယံခေါင်းဆောင်များ ညီလာခံ တက်ရောက်မယ့် အစိုးရတွေအနေနဲ့ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်သွားစေရေး ပိုပြီးထိရောက်မယ့် ပိတ်ဆို့အရေးယူမှုတွေကို ထောက်ခံအားပေးသွားကြဖို့လည်း HRW က  နိုဝင်ဘာလ ၁ ရက်က ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

အာဆီယံအစိုးရတွေအနေနဲ့ မြန်မာစစ်တပ်ရရှိနေတဲ့ နိုင်ငံခြားဝင်ငွေတွေကို ဖြတ်တောက်ဖို့အပြင် မြန်မာစစ်တပ်အတွက် လက်နက်နဲ့ လေယာဉ်ဆီတင်ပို့မှုတွေကိုပါ ပိတ်ဆို့တားဆီးမယ့် အစီအစဉ်အသစ်တွေကို သဘောတူလက်ခံသင့်တယ်လို့ HRW က ပြောပါတယ်။

HRW ရဲ့ အာရှဒါရိုက်တာ အီလိန်းပီယာဆန်က “အာဆီယံနိုင်ငံတွေနဲ့ တခြားနိုင်ငံတွေ ဘေးကရပ်ကြည့်နေတဲ့ အချိန်မှာပဲ မြန်မာစစ်တပ်က အကြမ်းဖက်မှုတွေကို ရက်ရက်စက်စက် ကျူးလွန်နေတယ်။ ဒီစစ်အာဏာရှင်တွေရဲ့ လုပ်ရပ်တွေကို ရှုတ်ချနေရုံ၊ စစ်ကောင်စီဟာ သူ့ဘာသာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြောင်းလဲသွားမယ်လို့ မျှော်လင့်နေရုံနဲ့ မရဘူး။ ပိုပြီးပြင်းထန်တဲ့ အရေးယူမှုတွေ ဆောင်ရွက်ဖို့လိုတယ်” လို့ ပြောပါတယ်။

နိုဝင်ဘာ ၁၀ ရက်မှ ၁၃ ရက်အထိ ကျင်းပမယ့် အာဆီဘံခေါင်းဆောင်များညီလာခံမှာ ပူးတွဲအစီအစဉ်အဖြစ် အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဂျပန်အပြင် တခြားမိတ်ဘက်နိုင်ငံတွေနဲ့ပါ သီးသန့်တွေ့ဆုံဆွေးနွေးမှုတွေ ဆောင်ရွက်သွားဖို့ ရှိပါတယ်။

အဲဒီညီလာခံကျင်းပမယ့် အချိန်ဟာလည်း အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပသွားမယ့် G20 ခေါင်းဆောင်များ အစည်းအဝေးအပြီး အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (APEC) ရဲ့ အစည်းအဝေးမတိုင်မီမှာ ကျရောက်နေတာ ဖြစ်ပါတယ်။

စစ်အာဏာရှင်တွေဟာ အာဏာသိမ်းပြီး နောက်ပိုင်းတည်းက စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် တရားဥပဒေမဲ့ သတ်ဖြတ်ခြင်းတွေနဲ့ စိတ်ထင်တိုင်း ဖမ်းဆီးနှိပ်စက်ခြင်းတွေကို ကျူးလွန်နေတာဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ပြစ်မှုမြောက်သလို စစ်ရာဇဝတ်မှုလည်း မြောက်တယ်လို့ HRW က သုံးသပ်ပါတယ်။

စစ်ကောင်စီအဖွဲ့ဝင်တွေဟာ လွတ်လပ်စွာဖော်ပြခွင့်နဲ့ လူ့အခွင့်အရေးဆိုင်ရာ အသင်းအဖွဲ့တွေ၊ ငြိမ်းချမ်းစွာ စုဝေးမှုတွေကိုလည်း ရက်ရက်စက်စက် ဖိနှိပ်ဖြိုခွင်းခဲ့ပြီး အခုလက်ရှိ ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ရရှိလာမယ့် အကျိုးဆက်တွေနဲ့ပတ်သက်လို့ ပိုမိုပြင်းထန်တဲ့ သတိပေးချက်တွေ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေနဲ့ G20 အဖွဲ့ဝင်နိုင်ငံက မြန်မာစစ်တပ်ကို သတိပေး အကြောင်းကြားသင့်တယ်လို့ HRW က ပြောပါတယ်။

မြန်မာစစ်တပ်အပေါ် ပိတ်ဆို့အရေးယူမှုတွေဟာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး၊ အရပ်သားတွေကို တိုက်ခိုက်မှုတွေ ရပ်တန့်ရေး၊ အရပ်သားဦးဆောင်တဲ့ ဒီမိုကရေစနစ် ပြန်လည်ထွန်းကားစေရေး စတဲ့အချက်တွေပါဝင်တဲ့ ရည်ရွယ်ချက်တွေနဲ့ ချိန်ညှိ ဆောင်ရွက်သင့်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ဧပြီ ၁၄ ရက်နေ့မှာ မင်းအောင်လှိုင် အပါအဝင် အာဆီယံခေါင်းဆောင်တွေဟာ အချက် ၅ ချက်ပါတဲ့ ဘုံသဘောတူညီချက်တွေ ချမှတ်ခဲ့ကြပေမဲ့ ရက်ပိုင်းအကြာမှာပဲ စစ်ကောင်စီက သဘောတူညီချက်တွေကို အကြံပေးချက်တွေအဖြစ် ပြောင်းလဲသုံးနှုန်းခဲ့ပါတယ်။

အဲဒီနောက် တနှစ်ကျော်လာတဲ့အချိန်ထိ မင်းအောင်လှိုင်ဟာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ သန်းပေါင်းများစွာသော နိုင်ငံသားတွေကို နိုင်ငံအနှံ့ ရက်ရက်စက်စက် ဖိနှိပ်ဖြိုခွင်းရင်း သူကိုယ်တိုင် သဘောတူခဲ့တဲ့ အချက်တွေ အားလုံးနီးပါးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခဲ့တယ်လို့ HRW က ဆိုပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ ဥရောပပါလီမန်ရဲ့ ဆုံးဖြတ်ချက်ထဲမှာလည်း ဘုံသဘောတူညီချက် ၅ ချက်ဟာ အလုပ်မဖြစ်ကြောင်းနဲ့ မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်ကောင်စီဟာ ယုံကြည်စိတ်ချရတဲ့ မိတ်ဘက်အဖွဲ့အစည်း မဟုတ်တာကို လက်ခံသဘောတူဖို့ အာဆီယံကို တိုက်တွန်းခဲ့ပါတယ်။

အာဆီယံအနေနဲ့ မြန်မာနိုင်ငံက ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တွေ့ဆုံညှိနှိုင်းကာ လက်ရှိပဋိပက္ခတွေအတွက် ရေရှည်အကျိုးရှိမယ့် ဒီမိုကရေစီလမ်းစဉ်နဲ့အညီ သဘောတူညီချက်အသစ်တွေ ရယူချမှတ်ပြီး အဲဒီသဘောတူညီချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် လိုအပ်တဲ့ယန္တရားတွေ ထောက်ပံ့ကူညီပေးဖို့ အာဆီယံကို ဥရောပပါလီမန်က တိုက်တွန်းခဲ့ပါတယ်။

မြန်မာစစ်တပ်ကို တကမ္ဘာလုံးကနေ လက်နက်ရောင်းချခြင်းမှ တာဆီးပိတ်ဆို့ဖို့ အစီရင်ခံ တင်ပြထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကိုလည်း အာဆီယံအဖွဲ့က လက်ခံကြိုဆိုသင့်တယ်လို့ ဆိုပါတယ်။ မြန်မာစစ်တပ်ဟာ တရုတ်နဲ့ ရုရှားကနေ လက်နက်တွေ ဝယ်ယူနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ တခြားအစိုးရတွေက မြန်မာစစ်တပ်နဲ့ဆက်နွှယ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို စီးပွားရေးပိတ်ဆို့မှုတွေ တခုပြီးတခု ချမှတ်ခဲ့ကြပါတယ်။

အခုနှစ် ဖော်ဖော်ဝါရီလထဲမှာ ဥရောပသမဂ္ဂက မြန်မာစစ်တပ်ပိုင် ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်ဆောင်ရွက်ခဲ့ပေမဲ့ အမေရိကန်နဲ့ ဗြိတိန်တို့ကတော့ MOGE ကို စီးပွားရေးပိတ်ဆို့မှု မလုပ်ခဲ့ကြသေးပါဘူး။

အာဏာသိမ်းပြီးနောက်ပိုင်း မင်းအောင်လှိုင်ဟာ ရုရှားကို သုံးကြိမ်သွားရောက်ခဲ့သလို ရုရှားကလည်း မြန်မာနိုင်ငံကို စစ်သုံးလေယာဉ်၊ ရေနံနဲ့ လက်နက်တွေ ပိုမိုရောင်းချလာခဲ့ပါတယ်။

မြန်မာစစ်တပ်အပေါ် အမေရိကန်နဲ့ ယူကေတို့က ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ လက်တွေ့မှာ အရာမထင်ဘူးလို့ HRW နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေရဲ့ အရာရှိတချို့က ပြောတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံပိုင် ကုမ္ပဏီတွေ အပါအဝင် တရုတ်နိုင်ငံက ကုမ္ပဏီအတော်များများဟာ မြန်မာစစ်တပ်ဆီက ဒေါ်လာသန်း ရာပေါင်းများစွာ တန်ဖိုးရှိတဲ့ သဘာဝဓာတ်ငွေ့၊ သတ္တုနဲ့ ရတနာတွေကို ဝယ်ယူနေတာကြောင့် အဲဒီငွေတွေနဲ့ တရားဥပဒေနဲ့မညီတဲ့ စစ်ဆင်ရေးတွေလုပ်ဖို့ လက်နက်ကိရိယာတွေနဲ့ လေယာဉ်ဆီတွေကို မြန်မာစစ်တပ်က ဝယ်ယူအသုံးပြုနေနိုင်တာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024