Home
မေးမြန်းခန်း
“ဒါက ယုတ်မာတဲ့ လုပ်ရပ်ဖြစ်ပါတယ်” ကေအိုင်အေ ဗိုလ်မှူးကြီးနော်ဘူနှင့် မေးမြန်းချက်
DVB
·
October 25, 2022

အောက်တိုဘာ ၂၃ ရက်ညက ကေအိုင်အေ တပ်မဟာ ၉ နယ်မြေ ဖားကန့်မြို့နယ် အနန့်ပါကျေးရွာမှာ   ကေအိုင်အို ၆၂ နှစ်ပြည့်နေ့အထိမ်းအမှတ်အကြိုနေ့ တေးဂီတဖျော်ဖြေပွဲ ကျင်းပနေချိန် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် ၃ စီးနဲ့  ဗုံးကြဲတိုက်ခိုက်ခဲ့တာမှာ ကချင်အနုပညာရှင်တွေ၊ ကေအိုင်အေအရာရှိနဲ့ တပ်ဖွဲ့ဝင်တွေအပါအဝင် အနည်းဆုံး ပြည်သူ ၅၀ ကျော် ထိခိုက်သေဆုံးပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကေအိုင်အို သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဒီဗွီဘီ သတင်းထောက် အောင်သူက ဆက်သွယ်မေးမြန်းထားပါတယ်။

(အပြည့်အစုံ) 

မေး။ အခု လေယာဉ်နဲ့ လာပြီး တိုက်ခိုက်တဲ့အခါမှာ ထိခိုက်သေဆုံးမှု အတော်များတယ်ဆိုတဲ့ သတင်း ရထားပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကေအိုင်အို ဘက်က ဘယ်လိုများ အတည်ပြုပေးနိုင်မလဲ။ 

ဖြေ။     ။ “သေဆုံးသူတွေရဲ့စာရင်းတော့ အတိအကျ မရသေးဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်ပေါ့ ၅၀ ဝန်းကျင်လောက်တော့ သေချာတယ်။ နောက်ဒဏ်ရာ ရတာလည်း ၆၀ - ၇၀ လောက်တော့ သေချာတယ်။ တိကျတဲ့ စာရင်းဇယားတွေကတော့ ကျနော်တို့လည်း အခုထိ မရသေးဘူး။”

မေး။   ။သေဆုံးထိခိုက်သွားတဲ့အထဲမှာ သတင်းတွေအရဆိုရင် ကေအိုင်အေတပ်မဟာ ၉ က ဗျူဟာမှူး အပါအဝင် အရာရှိတွေ သေဆုံးတယ်။ အဆိုတော်တွေ ပါတယ်။ ပြည်သူတွေလည်း ပါတယ်ဆိုတာ သိရတယ်။ ဗိုလ်မှူးကြီးတို့ကော ဘယ်လို သတင်းအချက် အလက်တွေ ရထားသလဲ။ 

ဖြေ။    ။ “ကျနော်တို့ဘက်က လူကြီးပိုင်းတွေ၊ တပ်မဟာမှူးတွေပါသွားတာ ရှိပါတယ်။ နောက် အနုပညာရှင် တချို့တွေ ပါသွားတယ်ဆိုတာ သတင်းတွေ ရပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေ လည်းပါသွားတယ်ဆိုတဲ့ အနေအထားဖြစ်ပါတယ်။”

မေး။   ။အခုလို တိုက်ခံရမှုကို ဗိုလ်မှူးကြီး ဘယ်လို မြင်ပါသလဲ ။

ဖြေ။  ။ “ကျနော်တို့က ပြည်သူလူထုနဲ့အတူ ပူးပေါင်းပြီး နေနေတာ သူတို့သိပြီးသား ဖြစ်ပါတယ်။ သိလျက်နဲ့ လုပ်တာ။ အစီအစဉ် ရှိရှိနဲ့ လုပ်တာ။ ဒါကြောင့် ပြည်သူလူထု ဒီလောက်ထိ ထိခိုက် ကျဆုံးတာ များတာဟာ အဲဒီအချက်ကြောင့်ဖြစ်ပါတယ်။ ဒါက ယုတ်မာတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ ကျနော်ကတော့ တုံ့ပြန်လိုပါတယ်။”

မေး။ ဟုတ်ကဲ့ ဆိုတော့ ဒီကိစ္စအပေါ်မှာကော ကေအိုင်အို၊ ကေအိုင်အေရဲ့ သဘောထားက ဘယ်လိုရှိလဲ။

ဖြေ။   ။ “ဒါကတော့ ကျနော်တို့ ဗဟိုကော်မီတီတွေနဲ့ပဲ ဆိုင်တာပါ။ အဲဒီမှာ ဘာဆိုတာကတော့ သူတို့ ထုတ်ပြန်တာတွေကတော့ မရှိဘူး။ နောက်သူတို့က ဘယ်လိုသဘောထားရှိလဲ။ ကျနော်လည်း ကေအိုင်အိုရဲ့ ပြောရေးဆိုခွင့်ရှိသူလည်း မဟုတ်ဘူး။ ကျနော်က သတင်းနဲ့ပြန်ကြားရေးဌာနက ဆိုတော့ ကျနော် ရသလောက်၊ ကြားသလောက်ပဲ  ဖြေကြားခြင်းဖြစ်ပါတယ်။”

မေး။  ။အခုဖြစ်သွားတဲ့နေရာက တပ်မဟာ ၉ ရဲ့ဝန်းကျင်မှာဖြစ်တာလို့ သိရတယ်ပေါ့နော်။ အဲဒီရဲ့ အခြေအနေကော ဗိုလ်မှူးကြီး ဘယ်လိုများ ပြောနိုင်မလဲ။ အဲဒီမှာ ဒဏ်ရာရတဲ့သူတွေကို ကယ်ဆယ်ဖို့ လုပ်တဲ့အခါမှာ ဆေးဝါးကအစ၊ ကယ်ဆယ်တာတွေ မလုပ်နိုင်ဘူးဆိုတဲ့ ပြောဆို သံတွေလည်း ကြားနေရတယ်။ ဒါ တကယ်ပဲလား။

ဖြေ။  ။ “ကျနော်ကြားသလောက် ပြန်ပြောရမယ်ဆိုရင်တော့ အလောင်းတွေ ဘာတွေ သင်္ဂြိုလ်ဖို့ ဆောင်ရွက်နေပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ သူတွေကိုလည်း အတတ်နိုင်ဆုံး ကုသပေးနေပါတယ်။ အရပ်ဘက်က လူထုတွေ၊ အရပ်သားတွေကိုလည်း သူတို့ မိသားစုတွေကလည်း လူနာတွေကို ကယ်ထုတ်ဖို့ ဆေးရုံတင်ဖို့ အစီစဉ်ရှိပေမဲ့ စစ်ကောင်စီဘက်ကနေ သွားလာခွင့် မပြုဘူးဆိုတာက ဖားကန့်ဘက်က သတင်းရတယ်။ အဲဒါကြောင့် အကုန်လုံး ပိတ်မိနေခြင်း ဖြစ်ပါတယ်။”

မေး။    ။ဒါဆို သတင်းတွေမှာ ရေးသလို ၇၀-၈၀ သေတယ်ဆိုတာ သေချာ မသိရဘူးပေါ့။

ဖြေ။   ။”အဲဒါကတော့ ကျနော်တို့ သေချာ ပြောလို့ မရသေးဘူး။‌”

မေး။  ။ဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက် စစ်ရေးတင်းမာမှု ပိုမြင့်လာနိုင်လား။

ဖြေ။  ။ “ပြည်သူလူထုကို သတ်ဖြတ်တာတွေ၊ အခုလိုမျိုး အစုလိုက် အပြုံလိုက် သတ်ဖြတ်တယ် ဆိုတော့ ကျနော်တို့ တော်လှန်ရေးဘက်မှာကတော့ အရှိန်အဟုန် မြင့်လာနိုင်ပါတယ်။ ပြည်သူလူထု လည်း ကျေနပ်မှာ မဟုတ်ဘူး။ စစ်ကောင်စီပေါ်မှာလည်း ယုံကြည်မှု ရှိမှာ မဟုတ်ဘူး။ မကျေနပ်မှုနဲ့ အမုန်းတရားတွေပဲ ပွားနေနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့တော်လှန်ရေး တိုက်ပွဲတွေ ပိုပြီး အရှိန်အဟုန် မြင့်နိုင်ဖွယ်ရှိပါတယ်။ ဒါက ကျနော့် သုံးသပ်ချက်ပါ။”

မေး။  ။ အခု တပ်မဟာ ၉ ရဲ့ ဗျူဟာမှူး အပါအဝင် အရာရှိစစ်သည်တချို့ ကျဆုံးသွားတာဟာ အခုလို တော်လှန်ရေးကာလမှာ ကေအိုင်အို၊ ကေအိုင်အေရဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုလို့ ပြောလို့ ရမလား။

ဖြေ။   ။ “ပြောလို့ရပါတယ်။ နောက်တခုက ပြည်သူလူထု ထိခိုက်သွားတာတွေ။ သေဆုံးတာတွေ။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ ကျသွားတာ။ ကျနော်တို့အတွက် ဆုံးရှုံးမှုဖြစ်ပါတယ်။ ဒီကနေ့ အောက်တိုဘာ ၂၄ ရက်မှာ  ကေအိုင်အိုအနေနဲ့ ပြည်သူလူထုတွေ ထိခိုက် သေဆုံးမှုအတွက် ဝမ်းနည်းတဲ့အထိမ်းအမှတ်နေ့ သတ်မှတ်ပြီး ဒီကနေ့ ည အလံတော်တွေ တိုင်တဝက်လွှင့်ထူပြီး ဂါရဝပြု ဆုတောင်းတဲ့ရက် ဖြစ်ပါတယ်။”

မေး။  ။အခုလို စစ်ရေးကာလမှာ အထိမ်းအမှတ်ပွဲက ပေါ်ပေါ်ထင်ထင် မလုပ်သင့်ဘူးလို့ လူမှုကွန်ရက်မှာ အမျိုးမျိုးပြောနေကြတယ်။ အခုလို တိုက်ခိုက်မှုက အတိအကျ လာ တိုက်ခိုက်သွားတာဖြစ်လို့ မြေပြင်သတင်းပေးမှုတွေ ရှိတယ်လို့ ပြောဆိုကြတာ ရှိတယ်။ ဒီကိစ္စတွေအပေါ်  ဘာပြောနိုင်မလဲ။

ဖြေ။  ။ “ကျနော်တို့ရဲ့ နှစ်ပတ်လည်နေ့က နှစ်တိုင်း လုပ်တာ ဖြစ်ပါတယ်။ ကျနော်တို့ ကချင်တိုင်းရင်းသားအားလုံးက ကျနော်တို့ အထိမ်းအမှတ်နေ့ကို လေးစားတယ်။ ဂုဏ်ပြုတဲ့အနေနဲ့ လုပ်တယ်။ နှစ်တိုင်း လုပ်တယ်။ အဲဒီနေရာမှာပဲ လုပ်တာ မဟုတ်ဘူး။ တခြားနေရာတွေမှာလည်း လုပ်ပါတယ်။ အဲဒီဘက်မှာ သူလျှိုတွေ၊ ဒလန်တွေ ပါသလား၊ မပါဘူးလားတော့ အတိအကျ မသိဘူး။ သူတို့ရဲ့ သေချာတဲ့လုပ်ရပ်ကို ကြည့်ခြင်းအားဖြင့် သူလျှိုတွေ၊ ဒလန်တွေ သူတို့ကိုယ်တိုင် ကြီးကြပ်ပြီးမှ လုပ်တဲ့ ပုံမျိုးတော့ တွေ့ရတယ်။ ဒါပေမဲ့ မည်သူမည်ဝါဆိုပြီးတော့ လက်ညှိုး ထိုးလို့တော့ မရဘူး။ ဖြစ်နိုင်ခြေရှိတယ်လို့ သံသယတွေ ရှိတယ်။”

မေး။  ။စစ်တပ်ဘက်က သုံးသွားတဲ့ လေယာဉ်ပျံနဲ့ ဗုံးကြဲပစ္စည်းက ဘယ်လိုအမျိုးအစားလဲဆိုတာ စစ်ဆေး စုံစမ်းလို့ ရပြီလား။

ဖြေ။  ။“အဲဒါကိုတော့ အခုထိ သတင်းပေးတာမျိုး မရှိသေးဘူး။ ဘာဗုံးတွေ၊ ဘယ်နိုင်ငံက ထုတ်လုပ်တယ်ဆိုတဲ့ အပိုင်းတွေက သတင်းပေးလာတာ မရှိသေးဘူး။ ဒီမှာက လိုင်းတွေက အဆင်မပြေဘူး။ အဲဒီမှာ လုပ်ပေးနေတဲ့ တာဝန်ခံ၊ လူမှုကူညီရေးအသင်းတွေက သတင်းပို့တာ ဘာမှ မရှိသေးဘူး။”

မေး။   ။အခုလို့ ဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဗိုလ်မှူးကြီး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024