Live
Home
မြန်မာသတင်း
အကျဉ်းထောင်များတွင် လုံခြုံရေးတင်းကျပ်ပြီး ထောင်ဝင်စာ ပါဆယ်ပေးပို့ခွင့် ရပ်ဆိုင်း
DVB
·
October 19, 2022

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ရှေ့မှာ ဒီနေ့မနက်က လူ ၈ ဦးသေဆုံး၊ ၁၁ ဦး ဒဏ်ရာရတဲ့ ပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက် အကျဉ်းထောင်တွေမှာ လုံခြုံရေးတင်းကျပ်ပြီး ထောင်ဝင်စာနဲ့ ပါဆယ်ပေးပို့ခွင့် ရပ်ဆိုင်းထားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

“ထောင်မှာ ဒီကနေ့ ပါဆယ်သွားပို့တဲ့သူတွေကို အကုန်ပြန်လွှတ်တယ်။ ပါဆယ်ကို ရက်အကန့်အသတ်မရှိ ပိတ်ထားတယ်လို့ ထောင်ဝန်ထမ်းအဆင့်ဆင့်ကို ဖုန်းလှမ်းဆက်မေးထားတာ သေချာတယ်။ ထောင်နားကပ်လို့ မရတော့ဘူး။ ပါဆယ်ပို့လို့ မရရင်တောင် ဈေးဘားငွေ လက်အပ်ထည့်ချင်ပါတယ်ဆိုတာတောင် အနားကပ်လို့ မရတော့ဘူး။” လို့ သာယာဝတီအကျဉ်းထောင်မှာ ဒီနေ့ ပါဆယ်သွားပို့တဲ့ နိုင်ငံရေးအကျဉ်းသားတဦးရဲ့ မိခင်က ပြောပါတယ်။

အင်းစိန်ထောင်ရှေ့မှာ ပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက် မန္တလေးအိုးဘိုထောင်၊ ပြည်အကျဉ်းထောင်၊ သာယာဝတီထောင်၊ ထားဝယ်ထောင်တွေမှာ ပါဆယ်ပို့ခွင့် ပိတ်ထားလိုက်ပြီလို့ အဲ့ဒီအကျဉ်းထောင်တွေမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေဆီကနေ စုံစမ်းသိရှိရပါတယ်။

အကျဉ်းထောင်တွေမှာ ထောင်ဝင်စာပါဆယ်ပေးပို့ခွင့် ရပ်ဆိုင်းကြောင်း အာဏာသိမ်းစစ်ကောင်စီနဲ့ အကျဉ်းဦးစီးဌာနဘက်က တရားဝင်ထုတ်ပြန်ကြေညာချက်တစုံတရာ လက်ရှိအချိန်အထိ မထုတ်ပြန်သေးပေမယ့် အကျဉ်းထောင်တွေမှာ အခုလို တစုံတရာအရေးကိစ္စပေါ်ပေါက်လာရင် ထောင်ဝင်စာပါဆယ်ပေးပို့ခွင့် ပိတ်ပင်လေ့ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က သုံးသပ်ပြောကြားပါတယ်။

“အင်းစိန်ထောင်ဂယက်ကတော့ တတိုင်းပြည်လုံးက ထောင်တွေအပေါ်မှာ သက်ရောက်နိုင်ပါတယ်။ အခုကလည်း ပါဆယ်ဗုံးဖြစ်တဲ့အတွက် ပါဆယ်ကိစ္စတွေနဲ့ပတ်သက်လို့ အကြောင်းပြလို့ ကောင်းသွားတာပေါ့။ ဒါပေမယ့် တရားဝင်ကြေညာထားတာတော့ မတွေ့ရသေးဘူး။”

ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေတဦးကလည်း “တိတိကျကျကတော့ မနက်ဖြန်မှ သိရမှာပဲ။ ဖြစ်ဖို့ များမှာပေါ့။ ရက်အကန့်အသတ်တော့ သေချာမသိရသေးဘူး။ သူတို့ဘက်လည်း ထိတဲ့အခါကျတော့ လုံခြုံရေးစနစ်တွေကို ပြန်ပြီး စီမံကြမှာပေါ့။ အဲ့ဒီတော့ တပတ်လည်း ဖြစ်ကောင်းဖြစ်နိုင်သလို ၁ဝ ရက်လည်း ဖြစ်ကောင်းဖြစ်နိုင်တာပေါ့” လို့ ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေပါ သေဆုံးဒဏ်ရာရခဲ့တဲ့ အင်းစိန်အကျဉ်းထောင်ရှေ့ ပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း အပါအဝင် တော်လှန်ရေးအင်အားစုတွေ၊ တက်ကြွလှုပ်ရှားသူတွေက ကန့်ကွက်ရှုတ်ချကြောင်း အသီးသီးထုတ်ပြန်ထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024