Home
မြန်မာသတင်း
ဂူတာပြင်ကျေးရွာတွင် ရိုဟင်ဂျာ ကျောင်းဆရာ ၁ ဦး အသတ်ခံရ
DVB
·
October 12, 2022

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာမှာ ရိုဟင်ဂျာကျောင်းဆရာ တယောက်ကို ရက္ခိုင့်တပ်တော်(AA)က ပစ်သတ်ခဲ့တဲ့အကြောင်းနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာတွေအပေါ် အေအေ ကျူးလွန်ခဲ့တဲ့ ရာဇတ်မှုတွေအတွက် အပြင်းထန်ဆုံးရှုတ်ချတယ်လို့ ဥရောပရောက်ရိုဟင်ဂျာများကောင်စီ (ERC) က အောက်တိုဘာ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၈ ရက်က   ဘူးသီးတောင်-အငူမော်လမ်းပေါ်ရှိ ဂူတာပြင်ကျေးရွာမှာ နေထိုင်တဲ့ အသက် ၄၈ နှစ်အရွယ် ရိုဟင်ဂျာ ကျောင်းဆရာ စူကူအစ္စလာမ်ဟာ သူ့ရဲ့အိမ်မွေးတိရစ္ဆာန်တွေကို နေအိမ်မှာအစာကျွေးဖို့အသွား အေအေ စနိုက်ပါလက်ချက်နဲ့ သေဆုံးခဲ့တာလို့(ERC) ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

AAပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ ဂူတာပြင်ကျေးရွာမှာ စစ်ကောင်စီတပ်တွေသာ တပ်စွဲထားတာဖြစ်ပြီး ကျူရှင်ဆရာ စူကူအစ္စလာမ်ဟာ ပစ်ခတ်ခံရတာဟာ AA လက်ချက် မဟုတ်ဘူးလို့ ပြောထားပါတယ်။

အောက်တိုဘာ ၅ ရက်က ဂူတာပြင်ကျေးရွာအုပ်စု တောင်ရွာအနီးအခြေချနေထိုင်နေတဲ့ စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော် အေအေက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့် ဂူတာပြင်ကျေးရွာသူ/ရွာသားအများစုဟာ ဖုံညိုလိပ်ကျေးရွာနဲ့ တခြား​ကျေးရွာတွေကို ထွက်ပြေးခဲ့ကြရပါတယ်။

ထွက်ပြေးရာမှာ ပါဝင်သွားတဲ့ ကျောင်းဆရာ စူကူအစ္စလာမ်ရဲ့ ဇနီးဖြစ်သူကို စစ်ကောင်စီတပ်က ခေါ်ယူမေးမြန်းခဲ့ပြီး  ခင်ပွန်းဖြစ်သူကို အေအေတပ်ဖွဲ့က ပစ်သတ်တာဖြစ်ကြောင်းပြောထားတဲ့ ရုပ်သံကို လူမှုကွန်ရက်မှာ ဖြန့်ချိထားပါတယ်။

စူကူအစ္စလာမ်ရဲ့ ဇနီးဖြစ်သူက "ကျမမောင်ဆီက ဖုန်းဆက်လာတော့ နင့်ယောကျ်ား ရွာကအပြန်မှာ အေအေအဖွဲ့ကပစ်လိုက်လို့သေပြီဆိုပြီး ပြောလာတယ်။ ငါ့မှာ အသံတောင်မကြားခဲ့ရပဲ အလောင်းပဲ တွေ့ခဲ့ရတယ်။ ရွာသားတွေပြောကြတာ ပစ်သတ်လိုက်တာ။ မြင်လိုက်ရတဲ့ရွာသားတွေပြောတာတော့  ဓနိတောထဲက အေအေအဖွဲ့က ပစ်သတ်လိုက်တာ”လို့ ရုပ်သံမှာ ပြောထားပါတယ်။ 

ဂူတာပြင်ကျေးရွာမှာ ကျောင်းဆရာစူကူအစ္စလာမ် အသတ်ခံရချိန် သူ့ရဲ့ဇနီးဖြစ်သူဟာ ဂူတာပြင်ရွာမှာရှိမနေဘဲ ဖုံးညိုလိပ်ကျေးရွာမှာ စစ်ဘေးရှောင်နေတာဖြစ်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

"စစ်တပ်က သူ့ဇနီးကို ခေါ်ယူပြီး အင်တာဗျူးတယ်၊ အေအေဘက်က ပစ်တာလို့ပြောခိုင်းခဲ့တာ။ သူက အဲ့ဒီအချိန် ရွာမှာမရှိဘူး။ သူ့ရဲ့မောင်တော်သူက ဖုန်းဆက်ပြောလို့ သိရတာတယ်လို့ ပြောတယ်။ အဲ့ဒါကအခြေအမြစ်မရှိဘူး။”

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်က နှစ်ဘက်လူမျိုးရေး ပဋိပက္ခဖြစ်အောင် ဖန်တီးနေပြီး အေအေနဲ့ ဒေသခံ မွတ်စလင်တွေအကြား စည်းလုံးမှုကို ဖြိုခွဲဖို့ နည်းပရိယာယ်သုံးပြီး လုပ်ဆောင်နေတယ်လို့ ဒေသခံရခိုင်နဲ့ မွတ်စလင်တွေက ပြောပါတယ်။

ကျောင်းဆရာပစ်သတ်ခံရတာနဲ့ ပတ်သက်ပြီး ဂူတာပြင်ကျေးရွာသားတစ်ဦးက "စစ်တပ်ကပစ်တာဖြစ်ဖို့များတယ်ဗျ။ စစ်တပ်အထိုင်ချထားတာက ဂူတာပြင်ရွာမှာ အေအေက ဂူတာပြင်ရွာမှာနေတာမဟုတ်ဘူး။ လူတွေကတော့ စစ်တပ်ကို ကြောက်ပြီး အမျိုးမျိုး ထင်မြင်ချက်ပေးနေကြတာတွရှိနေတယ်။ အေအေဘက်က ပစ်မယ်ဆို သူတစ်ယောက်တည်း ရွေးပစ်စရာလား။ စစ်တပ်ကိုသတင်းပေးနေတဲ့နောက် မွတ်စလင်တွေ အများကြီးရှိတယ်။ ဒါပေမဲ့ အေအေဘက်က အပြစ်မဲ့ပြည်သူကို ဒီလိုလုပ်ရပ်မျိုးမလုပ်ဘူး။ ၂၀၁၇ တုန်းက စစ်တပ်က ပစ်သတ်ခဲ့တဲ့ ဂူတာပြင်ရွာကအလောင်းတွေ အခုထိ မဖော်နိုင်သေးတာ ရှိနေသေးတယ်။"လို့ ပြောပါတယ်။

ဥရောပရောက်ရိုဟင်ဂျာများကောင်စီ (ERC)ကတော့ စစ်ကောင်စီတပ်တွေနဲ့ အေအေတို့အကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ ကျန်တဲ့ ရိုဟင်ဂျာတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်တဲ့အကြောင်း၊ ရိုဟင်ဂျာရွာသားတွေဟာ တိုက်ပွဲတွေကြား ရွာမှာပိတ်မိနေတာ ဒါမှမဟုတ် ရွာကနေ စွန့်ခွာထွက်ပြေးနေကြရပြီး မိသားစု ၈၀၀ ကနေ ၉၀၀ အကြား မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ သောင်တင်နေတယ်လို့ဆိုပါတယ်။

ရိုဟင်ဂျာကျေးရွာတွေနဲ့ စိုက်ခင်းတွေအနားမှာ မိုင်းထောင်ထားတာကြောင့် အရပ်သားတွေ ထိခိုက်ဒဏ်ရာရတာရှိသလို  တိုက်ပွဲတွေဖြစ်ကတည်းက သေနတ်နဲ့ပစ်ခံရတာကြောင့်  အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် ရိုဟင်ဂျာအရပ်သား တဒါဇင်ကျော်လောက် ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက် မြန်မာစစ်တပ်နဲ့ အေအေကိုနှစ်ဖွဲ့စလုံးကို ရှုတ်ချကြောင်းနဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ရခိုင်ပြည်နယ်ရှိပြည်သူတွေကို ကာကွယ်ပေးဖို့ တားဆီးကာကွယ်ရေးဆိုင်ရာ အရေးယူဆောင်ရွက်မှုတွေလုပ်ပေးဖို့တောင်းဆိုထားပါတယ်။

၂၀၁၇ ခုနှစ် အကြမ်းဖက်ဖြစ်စဥ်တုန်းကလည်း ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာမှာ ရာနဲ့ချီတဲ့ ရုပ်အလောင်းတွေကို နေရာ ၅ နေရာမှာ အစုလိုက်အပြုံလိုက် မြှုပ်နှံထားရှိပြီး သေဆုံးသူတွေ ဘယ်သူဘယ်ဝါမှန်းမသိရအောင် အက်ဆစ်လောင်း ရုပ်ဖျက်ဆီးခံထားရတယ်လို့ အေပီသတင်းဌာနက ၂၀၁၈ ဖေဖော်ဝါရီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဂူတာပြင်ကျေးရွာမှာ အစုလိုက်အပြုံ လိုက်သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး နိုင်ငံတကာက သက်သေအထောက်အထားနဲ့ အခိုင်အမာ ထုတ်ဖော်ပြောဆိုချိန်မှာ မြန်မာစစ်တပ်က စစ်ခုံရုံးဖွဲ့စစ်ဆေးပြီး စစ်သား ၃ ယောက်ကို အရေးယူခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024