Home
မြန်မာသတင်း
တိုက်ပွဲကြောင့် ဘုရားသုံးဆူနယ်စပ်ဂိတ်ကို ထိုင်းဘက်က ယာယီပိတ်ထား
DVB
·
September 30, 2022

မြန်မာဘက်မှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ထိုင်း-မြန်မာနယ်စပ်၊ ကန်ကျနပူရီခရိုင်၊ ဆန်ခလပူရီမြို့နယ်တဘက်ကမ်းရှိ နှစ်ဘက်ဒေသခံတွေ ဝင်ထွက်သွားလာနေတဲ့ ဘုရားသုံးဆူဂိတ်ကို ထိုင်းအာဏာပိုင်တွေက စက်တင်ဘာ ၂၈ ရက်နေ့က စတင် ယာယီပိတ်ထားလိုက်ပါတယ်။

မနေ့မနက် ၄ နာရီ ၄၄ မိနစ်မှာ ဆန်ခလပူရီမြို့နယ် နောင်လူးကျေးရွာအုပ်စု ဘုရားသုံးဆူ ( ထိုင်း ) ရွာနဲ့ ၁၀ ကီလိုမီတာခန့်သာဝေးတဲ့ မြန်မာဘက်ခြမ်း ဘုရားသုံးဆူဘက်မှာ  တိုက်ပွဲဖြစ်ပွါး ခဲ့ကြောင်း၊ မနက် ၉ နာရီခွဲမှာလည်း နောက်ထပ် ပစ်ခတ်သံတွေပြန်ကြားရတာကြောင့် နယ်စပ် အ သွားအလာကန့်သတ်လိုက်ရတယ်လို့  ဆန်ခလပူရီမြို့နယ်အုပ်ချုပ်ရေးမှူး နိုင်းဆုထိဖွန်း ဆူဝစ်ဖိ ကွန်းက သတင်းထောက်တွေကို ပြောပါတယ်။ 

မြန်မာဘက်ကပစ်ခတ်မှုတွေကြောင့် ထိုင်းဘက်ကို ထိခိုက်မှုတစုံတရာမရှိသေးပေမဲ့ သတိထားတဲ့အနေနဲ့ ဘုရားသုံးဆူနယ်စပ် အဝင်အထွက်ကို အခြေအနေပြန်ငြိမ်သက်သည်အထိ ပိတ်ထားဖို့နဲ့ နယ်စပ်တောလမ်းတွေပါစောင့်ကြပ်စစ်ဆေးဖို့ အမှတ် ၁၃၄ နယ်ခြားစောင့်တပ်ဖွဲ့ကို ညွှန်ကြားထားတယ်လို့ ဆန်ခလပူရီမြို့နယ်မှူးက ပြောတဲ့အကြောင်းထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူဒေသမှာ အခြေချထားတဲ့  စစ်ကောင်စီတပ်ရဲ့  ဘုရားတောင်စခန်းကို   KNLA ပူးပေါင်းတပ်တွေက စက်တင်ဘာ ၂၈ ရက် က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဘုရားတောင်တပ်စခန်းကုန်း တိုက်ပွဲမှာ စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူး ဗိုလ်မှူးအဆင့်ရှိသူအပါအဝင် ၁၃ ဦးကျဆုံးပြီး  ၁၇ ဦး ထွက်ပြေးသွားကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ NUG ကာကွယ်ရေးဌာနရဲ့ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F က ထုတ်ပြန်ပါတယ်။ 

Ref- MGROnline

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024