Home
မြန်မာသတင်း
မုန်းမြို့နယ်တွင် စစ်ကောင်စီထောင်ထားသည့် မိုင်းနင်းမိပြီး ပြည်သူ ၁ ဦး သေဆုံး
DVB
·
September 25, 2022

ကေအန်ယူ၊ တပ်မဟာ ၃ နယ်မြေ မုန်းမြို့နယ်၊ ကျွန်းပင်ဆိပ်ကျေးရွာမှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းနင်းမိပြီး ဒေသခံပြည်သူတဦး သေဆုံးခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂၂ ရက် မနက် ၆ နာရီလောက်က  စောအားထော်မူး (၂၅ နှစ်)ဟာ တူဖြစ်သူနဲ့အတူ ငါးမြုံးသွားကြည့်ပြီးအပြန် မိုင်းနင်းမိခဲ့တာဖြစ်ပြီး မိုင်းပေါက်ကွဲသံကြောင့် စစ်ကောင်စီရဲ့ ခမရ-၆၀၃ တပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး စောအားထော်မူးအား ကျွန်းပင်ဆိပ်ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းကို သယ်ဆောင်သွားပြီးနောက် ဆေးတလုံးထိုးပေးပြီး ခြေထောက်ကိုလည်း ပတ်တီးနဲ့ စည်းပေးခဲ့ပါတယ်။

ဆက်လက်ပြီး ဒူးခေါင်းနားကို TQ ချည်ထားပေးခဲ့ပေမယ့် သွေးမတိတ်တဲ့အတွက် ဒေသခံပြည်သူတွေက မုန်းမြို့ကို ပို့ဆောင်ဖို့ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်က ခွင့်မပြုဘဲ နတ်သံကွင်းကို ပို့ခိုင်းခဲ့တဲ့အတွက် နတ်သံကွင်းမရောက်ခင် ဝဲကြီးကျေးရွာအရောက် မနက် ၁၁ နာရီလောက်မှာ သွေးထွက်လွန်ပြီးသေဆုံးသွားခဲ့ပါတယ်။

မိုင်းနင်းမိခဲ့တဲ့ ကျွန်းပင်ဆိပ်ကျေးရွာနဲ့ နတ်သံကွင်းကိုသွားခဲ့ရတဲ့ လမ်းခရီးတလျှောက် လှေနဲ့ခြေလျင်ကိုပဲ အသုံးပြုသွားခဲ့ရတဲ့အတွက် အချိန်ကြန့်ကြာ သွေးထွက်လွန်သေဆုံးခဲ့ရတာဖြစ်ပြီး အဆိုပါ မိုင်းနင်းမိခဲ့တဲ့နေရာဟာ ကျွန်းပင်ဆိပ်ကျေးရွာကဒေသခံပြည်သူတွေ နေ့စဉ်ပုံမှန်သွားလာလှုပ်ရှားနေတဲ့ လမ်းဖြစ်ပါတယ်။

ကေအန်ယူ ၊ မုန်းမြို့နယ်တာဝန်ရှိဆေးဝန်ထမ်းတွေရဲ့ စစ်ဆေးသုံးသပ်ချက်အရ သွေးထွက်လူနာကို Glucose ထိုးပေးတဲ့အပြင် TQ ကို ပေါင်ရင်းမှာမချည်ပေးဘဲ ဒူးခေါင်းမှာချည်ပေးတဲ့အတွက်ကြောင့် သွေးထွက်လွန်ပြီး အသက်မဆုံးရှုံးသင့်ဘဲ သေဆုံးခဲ့ရတာဖြစ်သလို ဇနီးဖြစ်သူနဲ့ ၂ နှစ်အရွယ်သမီးလေးတဦး ကျန်ရစ်ခဲ့ပါတယ်။

စက်တင်ဘာ ၁၆ ရက်ကလည်း  ဖိုးသောင်းစု၊ တိုင်ပင်ကျေးရွာက အသက် ၂၀ အရွယ်လူငယ်တဦးကို ခမရ ၆၀၃ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ဆောင်သွားပြီးနောက် စက်တင်ဘာ ၁၇ ရက် မနက် ၆ နာရီလောက်က ပြန်လွှတ်ပေးခဲ့ပါတယ်။ အလားတူ စက်တင်ဘာ ၂၀ ရက်ကလည်း ငထွေစုတ်ကျေးရွာက လူငယ်သုံးဦးကို ဖမ်းဆီးခဲ့ပြီး ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

စက်တင်ဘာ ၁၇ ရက် မွန်းလွဲ ၁၂ နာရီကျော်လောက်က နတ်သံကွင်းမှာ အခြေပြုနေတဲ့ စစ်ကောင်စီတပ်က တောင်စုကျေးရွာအတွင်းကို  ၁၂၀ မမ လက်နက်ကြီး ၉ လုံးပစ်ခတ်ခဲ့တဲ့အတွက်  အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးခဲ့ပါတယ်။  စက်တင်ဘာလ(၂၀)ရက်နေ့တွင်လည်း ငထွေစုတ်ကျေးရွာရှိ လူငယ်သုံးဦးကို ဖမ်းဆီးခဲ့ပြီး ညနေပိုင်းတွင် ပြန်လွတ်ပေးခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။

စစ်‌ကောင်စီတပ်တွေဟာ ကေအန်ယူထိန်းချုပ်နယ်မြေအတွင်း နယ်မြေကျော်ဝင်ရောက်ပြီး စစ်ရေးလှုပ်ရှားတာ၊ တပ်စခန်းတွေမှာ လူအင်းအားဖြည့်တင်းတာ၊ ကျေးရွာတွေအတွင်းကို လက်နက်ကြီးနဲ့ပစ်ခတ်တာ၊  နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာ၊ ပစ္စည်းတွေခိုးယူတာ၊ ဒေသခံပြည်သူတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ လူသားဒိုင်းအဖြစ်အသုံးပြုတာ၊ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တာစတဲ့ လူအခွင့်အရေးအမျိုးမျိုးကို ချိုးဖောက်နေတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024