Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်များကို PDF ပူးပေါင်းတပ်ဖွဲ့များက အရှိန်မြှင့်တိုက်ခိုက်နေ
DVB
·
August 12, 2022

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ ပေကုန်းကျေးရွာအနီးရှိ ဇရပ်တစ်ခုမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဩဂုတ် ၁၁ ရက် နေ့လည် ၃ နာရီ လောက်က ကချင်လွတ်မြောက်ရေးတပ်မတော်  KIA နဲ့ PDF ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ Banmauk Revolution-BR အဖွဲ့ကထုတ်ပါတယ်။

ဗန်းမောက်မြို့ရဲ့ အနောက်တောင်ဘက် ပေကုန်းရွာအနီးရှိ ဇရပ်မှာ စစ်ကောင်စီတပ်သားအင်အား ၈၀ လောက် တပ်စွဲထားရာမှာ  KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့လို့ ၁ နာရီလောက်ကြာအောင် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ BR အဖွဲ့ တာဝန်ရှိတစ်ဦးက‌ပြောပါတယ် ။

"သူတို့က အမြဲတမ်း ကျနော်တို့ရှိတဲ့ဘက်ကိုလည်း မလာနိုင်ဘူး။ နောက်ကိုလည်းပြန်မဆုတ်နိုင်ဘူး။ သူတို့တောနင်းတဲ့ပုံစံမျိုးနဲ့ ပေကုန်းရွာအနီးက ဇရပ်မှာ အထိုင်ချတဲ့အချိန်သွားတိုက်ပြီးတိုက်ပွဲဖြစ်ပွားခဲ့တာပါ"လို့ BR အဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ် ။

အဆိုပါ ထိတွေတိုက်ပွဲမှာ စစ်ကောင်စီတပ်သား သေဆုံးနိုင်တယ်လို့ BR အဖွဲ့က ခန့်မှန်းပေမဲ့  ထိခိုက်ဒဏ်ရာသူ အရေအတွက်အတိအကျအကိုတော့ မသိရပါဘူး။

စစ်ကိုင်း-ရွှေဘို လမ်းမကြီးပေါ်ရှိ ရွာသာကြီးနဲ့ လှတောအကြားမှာတော့ ဩဂုတ် ၁၀ ရက် ညနေ ၅ နာရီကျော်လောက်က ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ကားတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေ သေဆုံးတာရှိတယ်လို့ ဆားတောင် မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေ စုစုပေါင်း အင်အား ၂၀၀ လောက် လိုက်ပါလာတဲ့ ၁၂ ဘီးကားတစီးနဲ့ ဒိုင်နာကား ၃ စီးကို မိုင်းခွဲတိုက်ခိုက်ခံရတာလို့ ဆားတောင် မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသတင်းပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

“လေးစီးမှာ နှစ်စီးပဲ ခွဲလိုက်နိုင်တယ်။ အစကတော့ ၁၂ ဘီးတစီးပဲ သတင်းရတာ။ ဒီဘက်ရောက်တော့ တွေ့တဲ့ ဒိုင်နာသုံးစီးပေါ် ပြောင်းစီးပြီး လိုက်ခဲ့ကြတာ။ အားလုံး လေးစီးဖြစ်သွားတယ်။ သတင်းရလို့ မိုင်းနဲ့တိုက်ခိုက်ခဲ့တာပါ။”

အဆိုပါတိုက်ခိုက်မှုကြောင့် ၁၂ ဘီးကားတစီးနဲ့ ဒိုင်နာကားတစီး မိုင်းထိမှန်ခဲ့ပြီး ၁၂ ဘီးကား ပက်လက်လန်သွားကာ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကို ဆားတောင် မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တွေ့မရှောင် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ ပြည်သူ့အားကစားကွင်းနဲ့ ဆည်မြောင်းရုံးတို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကတော့ ဩဂုတ် ၁၀ ရက်က မိုင်းရှာထွက်လာရာ ပြည်သူ့ကာကွယ်ရေးတပ်က မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် ၁၄ ဦးထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF) က ထုတ်ပြန်ထားပါတယ်။

အောင်ချမ်းသာကျေးရွာနဲ့ ခင်မွန်ကျေးရွာကြားမှာ CHUPDF တပ်ခွဲ ၁ နဲ့ CDF တို့မှ မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး အဆိုပါနေရာမှာ သွေးကွက်တွေ တွေ့ရှိကာ ထိခိုက်တဲ့ အရေအတွက်ကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။

အဆိုပါ စစ်ကောင်စီမိုင်းရှာအဖွဲ့ဟာ JAMMER ကားတစီးနဲ့ အင်အား ၃၀ ခန့်၊ ခြေလျင်အင်အား ၁၅ ဦးခန့်၊ စုစုပေါင်း အင်အား ၄၅ ဦးခန့်ရှိတယ်လို့ သိရပါတယ်။

အဆိုပါစစ်ကြောင်းကို ခင်မွန်ကျေးရွာမှ မုံရွာမြို့ဘက် အထွက်လမ်း‌မှာ CHUPDF တပ်ခွဲ ၄ (မိုင်းတပ်ခွဲ) မှ ထပ်မံမိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF) က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ စစ်ကောင်စီထောက်ခံသူတွေနဲ့ ပျူစောထီးတွေ နေထိုင်တဲ့  အင်မထီးကျေးရွာမှာလည်း ဩဂုတ် ၁၀ ရက်‌ မနက် ၆ နာရီနဲ့ ညနေ ၅ နာရီလောက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အင်မထီးရွာနဲ့အနီးဆုံး ကျေးရွာတရွာက ဒေသခံတဦးက “မနေ့က မနက်ပိုင်းကတကြိမ်၊ ညနေပိုင်းကတကြိမ် စုစုပေါင်းနှစ်ကြိမ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပစ်ခတ်ကြတယ်။ ဘာကြောင့်ပစ်တယ်ဆိုတာတော့ မသိဘူး။ အပြန်အလှန် ပစ်တာတော့ သိတယ်။ ဒီခေတ်ကြီးလည်း မြန်မြန်ပြီးစေချင်လှပါပြီဗျာ။ တောင်သူလုပ်ငန်းလည်း ကောင်းကောင်းမလုပ်ရ၊ စစ်ကောင်စီလာရင်လည်း ပြေးရ၊ ပျူစောထီး အနိုင်ကျင့်တာလည်း ခံနေရတယ်” လို့ ပြောပါတယ်။

ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ်က လတ်တလော စစ်ကြောင်းထိုးတာတွေ ရပ်တန့်နေသလို ဒေသခံပြည်သူတချို့ကတော့ နေရပ်စွန့်ခွာကာ ဖားကန့်၊ ဟောင်ပါး စတဲ့ ရွှေမျော၊ ကျောက်တွင်းတွေဆီ သွားရောက်နေထိုင်တာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ကိုဥက္ကာက “ဘာကြောင့် အခုလိုတိုက်ရတာလဲဆိုတော့ အင်မထီးပျူတွေက လက်နက်အားကိုး၊ စစ်ကောင်စီအားကိုးတွေနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာကို ဆက်ကြေးကောက်တာတွေ လုပ်တယ်။ မပေးနိုင်တဲ့ရွာကို မီးရှို့တာတွေ အကြိမ်ကြိမ်လုပ်လို့ အခုလို ပစ်ခတ်တာတွေ လုပ်ဆောင်ရတာပါ။ ပစ်တာကတော့ ပထမ ကျနော်တို့က စပစ်တယ်။ နောက်တော့ အပြန်အလှန် သူတို့ကလည်း ပြန်ပစ်တာတွေ ရှိခဲ့တယ်။ အကျအဆုံးကတော့ ကျနော်တို့ဘက်ကတော့ မရှိခဲ့ဘူး။ ပျူတွေဘက်ကတော့ အကျအဆုံး ရှိနိုင်တယ်။ အတိအကျတော့ မပြောနိုင်ဘူး” လို့ ပြောပါတယ်။

အဆိုပါတိုက်ပွဲကို ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်းပေါင်းစုံ၊ local တော်လှန်ရေးအဖွဲ့စုံနဲ့ ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို အသေအပျောက် ဒဏ်ရာတဲ့ အရေအတွက်ကိုလည်း သီးခြား အတည်ပြုနိုင်ခြင်းမရှိပါဘူး။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024