Home
မြန်မာသတင်း
ချောင်းဦးမြို့တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် သားအမိနှစ်ဦး သေဆုံး
DVB
·
June 24, 2022

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဇွန် ၂၃ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် ကျောင်းရွာရပ်ကွက်က အမျိုးသမီးနှစ်ဦး လက်နက်ကြီးကျည်ဆန် ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တိုက်ပွဲဖြစ်နေတာမဟုတ်ဘဲ ည ၉ နာရီလောက်က စပစ်တာ။ လက်နက်ကြီးနဲ့ ၇ လုံးလောက်ပစ်တယ်။ လက်နက်ကြီးကျည် နေအိမ်တွေပေါ်ကျတယ်။ ထိခိုက်ဒဏ်ရာ ရတာတွေလည်း ရှိတယ်။ ကျောင်းရွာရပ်ကွက်က သားအမိနှစ်ယောက်ကတော့ လက်နက်ကြီးကျည်မှန်တာ ပွဲချင်းပြီးပဲ” လို့ ဒေသခံတဦးက ပြောပါတယ်။

သေဆုံးခဲ့တဲ့ သားအမိနှစ်ဦးဟာ ကျောင်းရွာရပ်ကွက်မှာနေထိုင်တဲ့ ဒေါ်ပေါက်ဆိုသူနဲ့ သမီး မဝါမိုးတို့ ဖြစ်ပါတယ်။

ချောင်းဦးမြို့နယ် ညောင်ပင်တဲကျေးရွာမှာ ဇွန် ၁၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ဝင်ရောက်လာပြီး ဆိုင်ကယ်မောင်းနှင်လာတဲ့ ဒေသခံပြည်သူတဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန် ၁၄ ရက် မနက်ပိုင်းကလည်း ချောင်းဦးမြို့နယ်၊ တောကျောင်းလေးကျေးရွာရှိ အိမ်ခြေ ၁၀၀ လောက်ကို စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီး ပူး‌ပေါင်းအဖွဲ့တွေက မီးရှို့ဖျက်ဆီးသွားတယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပျူစောထီးအဖွဲ့တွေဟာ တောကျောင်းလေးကျေးရွာကို ဇွန် ၁၂ ရက်က ဝင်ရောက်လာပြီး နှစ်ညအိပ်တပ်စွဲထားကာ ပြည်သူတွေနေအိမ်ရှိ အဖိုးတန်ပစ္စည်းတွေကို ယူဆောင်သွားတဲ့အပြင် ပြန်အထွက်မှာ ကျေးရွာကို မီးရှို့သွားတာဖြစ်ပြီး ကျေးရွာပြည်သူ ၆ ဦးရဲ့ အလောင်းကိုလည်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချောင်းဦးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာပေါင်း ၁၁ ရွာရှိပြီဖြစ်ပြီး ယာကြီးတော၊ ဝယာ၊ ဆီပန်းကန်၊ အင်းမ၊ ရွှေလှေ၊ တပယ်အင်း၊ ကုန်းသာ၊ နဂါးဗိုလ်၊ ဘလွေ၊ မကျီးတန်းနဲ့ တောကျောင်းလေးကျေးရွာတို့ဖြစ်တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024