စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သာစည်ကျေးရွာမှာ စစ်ကောင်စီက ဆောက်လုပ်နေတဲ့ အကျဉ်းထောင်အဆောက်အဦတလုံးကို ဒေသခံ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး ဒီနေ့ ဇွန် ၂၂ ရက်မှာ ဖောက်ခွဲခဲ့တယ်လို့ သပြေညိုပြောက်ကျားအဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဆိုပါဖောက်ခွဲခဲ့တဲ့ အဆောက်အဦဟာ တော်လှန်ရေးရဲဘော်တွေကို ဖမ်းဆီးပြီး ထိန်းသိမ်းထားဖို့ ရည်ရွယ်ချက်နဲ့ ဆောက်လုပ်နေတာလို့ သိရတဲ့အတွက် အခုလိုဖောက်ခွဲခဲ့တာလို့ သပြေညို ပြောက်ကျားအဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။
“ကျနော်တို့ ည ၂ နာရီက လေးထပ်အဆောက်အဦကို အလယ်ထပ်ကနေ မိုင်းထောင်တာတွေ ပြုလုပ်ခဲ့တယ်ဗျ။ နောက်ထပ် ဘတ်ဖိုးကားတစီးကိုလည်း ဖျက်ဆီးခဲ့သေးတယ်။ ကျနော်တို့အနေနဲ့ အကျဉ်းထောင်ဆောက်လုပ်ရာမှာ အလုပ်လုပ်နေသူတွေကို ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် သတိပေးခဲ့ပြီး ပြည်သူတွေအနေနဲ့ ပြန်လည်လွှတ်ပေးခဲ့တာတွေလည်း ရှိတယ်။ ကျနော်တို့အနေနဲ့ အခုလိုပြုလုပ်နိုင်ဖို့ အခက်အခဲတွေကတော့ အများကြီးပါပဲ။ အဓိကကတော့ ကျနော်တို့ အခုဖောက်ခွဲခဲ့တဲ့နေရာနဲ့ သာစည်ရဲစခန်းနဲ့က အနီးလေးဆိုတော့ အတော်လေး သတိထား လုပ်ကိုင်ခဲ့ရတယ်။”
မုံရွာမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေက မြို့ဝင်၊ မြို့ထွက်တွေမှာ ပိတ်ဆို့စစ်ဆေးတာတွေ တင်းတင်းကျပ်ကျပ် ပြုလုပ်နေပေမဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ရတဲ့နည်းနဲ့ စစ်အာဏာရှင်ကို တော်လှန်သွားကြမယ်လို့ ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းတွေက ပြောပါတယ်။
အခု သာစည်အကျဉ်းထောင်ကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) ရဲ့ အထူးကွန်မန်ဒိုတပ်ဖွဲ့၊ Monywa The Boys၊ မုံရွာခရိုင် တပ်ရင်း-၂ တပ်ခွဲ-၂၊ Monywa Special ဒိတ်ဒိတ်ကြဲတပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း-၄ တပ်ခွဲ-၁၊ သပြေညို ပြောက်ကျားတပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း-၄ တပ်ခွဲ-၂၊ ခွေးသတ်မုဆိုးတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာလို့ သိရပါတယ်။