ပြည်တွင်း စားအုန်းဆီ ဖြန့်ဖြူးမှုနဲ့ ဈေးကွက်ကို စစ်ကောင်စီက ထိန်းချုပ်လိုက်ပြီးနောက် အောက်ခြေဈေးကွက်မှာ စားအုန်းဆီ ပြတ်လပ်မှုရှိလာပြီး ဈေးကြီးမြင့်လာမှာကို စားသုံးသူတွေမှာ စိုးရိမ်နေကြပါတယ်။
ပြည်ပကတင်သွင်းလာတဲ့ စားအုန်းဆီ သိုလှောင်ကန်တွေထဲက ပြည်တွင်းလက်ကျန် စားအုန်းဆီတန်ချိန် ၁၈,၀၀၀ ကျော်ကို လွတ်လပ်စွာ ထုတ်ယူဖြန့်ဖြုးခွင့်မပြုဘဲ စစ်ကောင်စီက ထိန်းချုပ်လိုက်တာပါ။
စားအုန်းဆီကုမ္ပဏီတွေမှာရှိတဲ့ ဆီလက်ကျန်က မေလတတိယပတ်အထိသာ လုံလောက်မှုရှိနိုင်တဲ့ အခြေအနေ ဖြစ်တယ်လို့ သိရပါတယ်။
ပြည်တွင်း စားသုံးဆီ လိုအပ်ချက်က တရက်ကို တန်ချိန် ၂,၀၀၀ အထိရှိပေမဲ့ တန်ချိန် ၁,၀၀၀ သာ ဈေးကွက်အတွင်း ဖြန့်ဖြန်းရောင်းချခွင့် ပြုထားတယ်လို့ သိရပါတယ်။
ပြည်တွင်းစားဆီ လိုအပ်ချက်အတွက် အဓိကဝယ်ယူနေတဲ့ အင်ဒိုနီးရှားနိုင်ငံက စားအုန်းဆီတင်ပို့မှု ရပ်ဆိုင်းလိုက်တာကြောင့် မြန်မာနိုင်ငံအနေနဲ့ မလေးရှားနိုင်ငံကနေ တင်သွင်းဖို့ စီစဉ်နေတာပါ။
မှာယူထားတဲ့ စားအုန်းဆီတွေ ပြည်တွင်းကို မရောက်မီ ဈေးကွက်မှာ ပြတ်လပ်မှုမရှိအောင် လက်ကျန်ဆီတွေကို ထိန်းချုပ်လိုက်တာ ဖြစ်ပါတယ်။
အဲဒီနောက်ဆက်တွဲအနေနဲ့ ဈေးကွက်ထဲမှာ စားဆီပြတ်လပ်မှာကို စိုးရိမ်ပြီး ဝယ်ယူစုဆောင်းမှုတွေလည်း ရှိလာပါတယ်။ တဖက်မှာ လက်လီ၊ လက်ကား ရောင်းချသူတွေမှာ ဆီဝယ်ယူရ ခက်ခဲတဲ့ အခြေအနေတွေ ဖြစ်နေပါတယ်။
“ဆီဈေးက အပြင်မှာ တယောက်တမျိုး၊ လိုသလောက်လည်း ဝယ်လို့မရဘူး၊လက်သိပ်ထိုးရောင်းတဲ့ခေတ်ကို ပြန်ရောက်နေတာ၊ အောက်ခြေဈေးကွက်မှာ စားဆီပြတ်လပ်မှု ရှိလာနိုင်တယ်” လို့ ဆီလုပ်ငန်းရှင်တဦးက မှတ်ချက်ပြုပါတယ်။
လတ်တလော ပြင်ပလက်လီဈေးကွက်မှာ စားအုန်းဆီဈေး တပိဿာကို ကျပ် ၆,၈၀၀ ကနေ ၇,၅၀၀ အထိ တကျော့ပြန်လည်မြင့်တက်လာတာကြောင့် စားသုံးသူရော၊ လက်လီလက်ကား ရောင်းချသူတွေပါ အခက်တွေ့လာပါတယ်။
“သွင်းတဲ့နေရာမှာ ဖြစ်နေတဲ့ ပြဿနာဆိုတော့ မြေပြင်မှာ ဈေးတွေက မငြိမ်ဘူး။ ဝယ်လို့တော့ ရသေးတယ်။ လိုသလောက်တော့ မရဘူးပေါ့၊ ဈေးများတယ်၊ တချို့ကျတော့လည်း ဝယ်မရလို့ အရောင်းရပ်ထားကြတယ်” လို့ လက်လီရောင်းချသူတဦးက ပြောပါတယ်။
စစ်ကောင်စီက သူတို့လက်ထက်မှာ စားအုန်းဆီတင်သွင်းမှုကို လျှော့ချဖို့ မူဝါဒချ ဆောင်ရွက်နေတာဖြစ်ပြီး မြန်မာနိုင်ငံကို ပြည်တွင်းစားဆီ ဖူလုံပိုလျှံရုံမက စားသုံးဆီ အဓိကတင်ပို့တဲ့ နိုင်ငံအဖြစ်ပါ ရပ်တည်နိုင်ဖို့ ဆောင်ရွက်မယ်လို့ စစ်ခေါင်းဆောင်က ကြွေးကြော်ထားပါတယ်။
ဆီထွက်သီးနှံကဏ္ဍမှာ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေကို ဦးစားပေးအနေနဲ့ ဖိတ်ခေါ်ထားသလို ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိူးရေး ကော်မတီတရပ်ကို ဖွဲ့စည်းထားပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးသွားဖို့ကိုလည်း စီမံနေပါတယ်။
ဒီစီမံချက်နဲ့ပတ်သက်ပြီး အုပ်စုတခု၊ အသင်းအဖွဲ့ တခုတည်းသာ ချမ်းသာအောင် လုပ်ပေးတာမျိုး မဖြစ်စေဖို့ ထောက်ပြ ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။
ဆီထွက်ကုန်ကြမ်းဖြစ်တဲ့ မြေပဲနဲ့ နှမ်း ပြည်ပတင်ပို့မှုကိုလည်း ပြီးခဲ့တဲ့ မေ ၉ ရက်ကစပြီး ဆိုင်းငံ့လိုက်ပါတယ်။ အဲဒီနောက် ကုန်ကြမ်းဖြစ်တဲ့ မြေပဲဆံဈေး ရုတ်တရက်ကျဆင်းပြီး အရောင်းအဝယ် ခေတ္တရပ်တန့်သွားခဲ့ပေမဲ့ စားအုန်းဆီ ဖြန့်ဖြူးမှုနဲ့ ဈေးကွက်ကို စစ်ကောင်စီက ထိန်းချုပ်လိုက်တဲ့ ဂယက်ကြောင့် အခုအခါမှာ အရောင်းအဝယ်လည်း ပြန်လိုက်လာသလို ဈေးလည်း ပြန်မာလာတယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရပါတယ်။
“အဝယ်ပြန်လိုက်ပါတယ်။ ဈေးလည်း ပြန်မာလာပါတယ်။ ပြည်ပတင်ပို့တာကို ပိတ်လိုက်တော့ ဈေးကျမယ်ထင်ကြတာ။ နည်းနည်းပဲကျပြီး အခုပြန်တက်လာတယ်” လို့ ဆီစက်လုပ်ငန်းရှင်တဦးက ပြောပါတယ်။
ပြည်တွင်းစားဆီအတွက် ပြည်ပကတင်သွင်းမှုကို အဓိက မှီခိုနေရတဲ့ မြန်မာနိုင်ငံမှာ အခုလိ ဈေးမြင့်တက်နေတာက ကျပ်ငွေတန်ဖိုး ကျဆင်းပြီး ဝင်ငွေ၊ အလုပ်အကိုင် လျော့နည်းလာမှုနဲ့ ကြုံတွေ့နေရတဲ့ အခြေခံလူတန်းစား မိသားစုတွေအတွက် စိုးရိမ်စရာ အခြေအနေတခု ဖြစ်နေတာပါ။