ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့နယ်ထဲမှာ မြင့်မားတဲ့နယ်စပ် တောင်တန်း ကိုဖြတ်ကျော်ပြီး တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၃ ယောက်ကို ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ထိုင်းနယ်ခြားစောင့်တပ်နဲ့ အမှတ် ၂ ခြေလျင်တပ်ရင်းတပ်က ပူးပေါင်းတပ်ဖွဲ့တွေဟာ မနေ့ညက နယ်စပ်တလျှောက် ဥပဒေချိုးဖောက်မှုတွေ စောင့်ကြပ်စစ်ဆေးစဉ် ည ၁၀ နာရီခွဲ လောက်မှာတော့ ဝိန်းဖန်ခမ်းကျေးရွာအုပ်စု ဖာမီကျေးရွာရှိ တောင်ကြောတနေရာမှာ မသင်္ကာစရာ လူတစု ခြေကျင်လျှောက်လာကြတာကိုတွေ့လို့ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးချက်အရ သူတို့အားလုံး မြန်မာဘက်ခြမ်းကနေ ဖာမီတောင်ကို ကျော်ဖြတ် ဝင်ရောက်လာကြောင်း၊ အမျိုးသား အယောက် ၂၀ နဲ့ အမျိုးသမီး ၁၃ ယောက်ပါဝင်ပြီး ဘန်ကောက်မှာ သွားရောက်အလုပ်လုပ်ဖို့ လမ်းပြကို ၁ ဦးလျှင် ဘတ် ၂၅၀၀၀ ပေးရတယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက သူတို့ကို ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးပြီး ဥပဒေအရအရေးယူဖို့ သက် ဆိုင်ရာရဲစခန်းကို ပို့ဆောင်လိုက်ပါတယ်။
အလားတူ ထိုင်းနယ်စပ် တောင်ယာစိုက်ခင်းတွေထဲမှာလည်း တရားမဝင်သူတွေ ဝင်ရောက်ပုန်းခိုနေကြပြီး သူတို့ဟာ ထိုင်းနိုင်ငံအတွင်းပိုင်းဘက်ကို သွားပြီးအလုပ်လုပ်ရဖို့ အခွင့်အခါကောင်းကို စောင့်ဆိုင်းနေကြတယ်လို့ မယ်ဆိုင်သတင်းမှာ ဖော်ပြပါတယ်။
အဆိုပါ ဝိန်းဖန်ခမ်းကျေးရွာအုပ်စုထဲမှာ ပြီးခဲ့တဲ့ မေလ ၂ ရက်ကလည်း ပွဲစားကို ၁ ဦးလျှင် ဘတ် ၂၅၀၀၀ စီပေးပြီး တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၀ ယောက် ဖမ်းဆီးခံရပါတယ်။
ကိုးကား- MaesaiPress