မွန်ပြည်နယ် ရေးမြို့နယ် ကနင်ကမော့ကျေးရွာအနီးမှာ ဧပြီ ၂၇ ရက်နေ့ မနက် ၁၀ နာရီကျော်လောက်က စစ်ကောင်စီယာဉ်တန်းကြားဖြတ် ချုံခိုတိုက်ခိုက်ခံရပြီး ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရရှိတယ်လို့ ရေး PDF မြောက်ပိုင်း တာဝန်ရှိသူတဦးက ပြောပါတယ်။
မော်လမြိုင်ဘက်က ရေးမြို့ဘက်လာတဲ့ စစ်ကောင်စီ ယဉ်တန်း ၆ စီးလောက်ကို သတင်းအရ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ရေး PDF တွေ စောင့်ဆိုင်း တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
ညနေ ၄ နာရီလောက်မှာလည်း သံဖြူဇရပ်ဘက်ကလာတဲ့ စစ်ကောင်စီယာဉ်တန်း ၇ စီးအား ရေးမြို့နယ် နှင်းစုံကျေးရွာနဲ့ စံပြကျေးရွာအကြားမှာ ရေးမြို့ ပြည်သူ့ကာကွယ်ရေး ပြောက်ကျားဖွဲ့ (YSTF) နဲ့ Ye joker force (YJF) ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့ ချုံခို တိုက်ခိုက်ခဲ့တယ်လို့ ရေး YGF တာဝန်ရှိသူက ပြောပါတယ်။
၅ မိနစ်လောက်အကြာ အပြန်လှန်ပစ်ခတ်ခဲ့ကြပြီးနောက် PDF တပ်စွဲနေရာ ကုန်းမြေအား စစ်ကောင်စီတပ်က နေရာသုံးနေရာကနေ ပိတ်ဆို့ကာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ တရစပ်ပစ်ခတ်ခဲ့သလို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့ကလည်း ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အပြန်အလှန်ပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဘူးလို့ ရေး YGF က ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း ရာဘာခြံတခုမှာ အငှားလုပ်ကိုင်နေတဲ့ အသက် ၂၁ နှစ်အရွယ် အမျိုးသမီး ၁ ဦး ဦးခေါင်း ကျည်သင့်ဒဏ်ရာနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်နေ့မနက်ပိုင်းကလည်း ကနင်ကမော့ နဲ့ မော့ကနင်ရွာကြား မိုင်တိုင် ၇၀ အနီး မှာ စစ်ယာဉ််တန်း ၆ စီးကို KNLA တပ်ဖွဲ့က စောင့်ဆိုင်း ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်း သေးဆုံးပြီး အမျာအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ရေးမြို့နယ် အောင်သပြေရွာ၊ လိမ္မော်ခြုံရွာ၊ ကနင်ကမော့ရွာ၊ နှင်းစုံရွာ တွေနားမှာ စစ်ကောင်စီယာဥ်တန်းတွေ မကြာခဏ ချုံခိုတိုက်ခိုက်ခံရလေ့ရှိတာကြောင့် စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်မှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။