စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီက မြို့နယ်ပေါင်း ၃၀ ကျော်မှာ အင်တာနက် ဖြတ်တောက်လိုက်တဲ့လုပ်ရပ်ဟာ သတင်းအချက်အလက်ကို အမှောင်ချဖို့ ကြိုးစားတာဖြစ်ပြီး အကြမ်းဖက်မှုတွေ ပိုလုပ်လာလိမ့်မယ်လို့ ဒေသခံ PDF ခေါင်းဆောင်က ပြောပါတယ်။
စစ်ကောင်စီက စစ်ကိုင်းတိုင်းထဲက ချောင်းဦး၊ ဆားလင်းကြီး၊ မြောင် စတဲ့ မြို့နယ်ပေါင်း ၂၀ ကျော်မှာ မတ်လ ၃ ရက်နေ့ ည ၁၁ နာရီကစပြီး အင်တာနက် ဖြတ်တောက်ခဲ့တာပါ။
အရင်တုန်းက ကနီ၊ ဘုတလင်၊ ယင်းမာပင် စတဲ့ အင်တာနက်ဖြတ်တောက်ခံရတဲ့ မြို့တွေနဲ့ပါဆို စုစုပေါင်း စစ်ကိုင်းတိုင်းမှာ မြို့နယ်ပေါင်း ၃၀ ကျော်မှာ အင်တာနက် အဖြတ်ခံထားရပါတယ်။
စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေကို အဆိုးဆုံးအခြေအနေထိ ပြုလုပ်သွားမှာဖြစ်ပြီး ပြည်သူတွေကတော့ ခုခံကာကွယ်ဖို့လမ်းပဲ ရှိတယ်လို့ ပုလဲ PDF ခေါင်းဆောင် ဗိုလ်နဂါးက ပြောပါတယ်။
“စစ်ကောင်စီက သူ့ရဲ့ အာဏာလုတဲ့လုပ်ရပ်အပေါ် အသိအမှတ်မပြုတဲ့အခါ ပြည်သူအားလုံးကို အငြိုးထားနေတာ။ သူလိုချင်တာလည်း ပြည်သူမဟုတ်ဘူး။ ပြည်သူတွေရဲ့ လေးစားမှုကိုလည်း သူ အဲ့ဒီလောက်မမက်မောဘူး။ ဒီသယံဇာတတွေ ကျန်နေရင်ရပြီ။ ပြည်သူတွေ ကြည်ဖြူသည်ဖြစ်စေ မကြည်ဖြူသည်ဖြစ်စေ အဲ့ဒါတွေ ထည့်တွက်တာမဟုတ်ဘူး။ အဲ့ဒီတော့ သူဘာလုပ်သလဲဆို သုံးလို့ ချလို့ရတဲ့ သယံဇာတတွေ ကျန်နေရင်ပြီးရော၊ ဘယ်ပြည်သူသေသေ သတ်မှာပဲ။”
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မင်းဆွေနှစ်ရွာကို စစ်ကောင်စီက မတ်လ ၄ ရက်နေ့ မနက် ၅ နာရီဝန်းကျင်က ထိုးစစ်ဆင်ပြီး ရွာလုံခြုံရေးအတွက် ကင်းစောင့်နေတဲ့ လူငယ်တွေထဲက ၈ ယောက်ကို စစ်သားတွေက ပစ်ခတ် မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။
ရွာသားတွေကတော့ သေနတ်ပစ်ခတ်သံတွေကြောင့် ထွက်ပြေး လွတ်မြောက်ခဲ့တယ်လို့ ဒေသခံ PDF ခေါင်းဆောင်တယောက်က ပြောပါတယ်။
စစ်ကိုင်းတိုင်းထဲက မြို့နယ် ၂၀ ကျော်ကို စစ်ကောင်စီက မတ်လ ၃ ရက် ညပိုင်းကတည်းက အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတာကြောင့် စစ်သားတွေ အကြမ်းဖက်ခဲ့တဲ့ မှတ်တမ်းဓာတ်ပုံနဲ့ ဗွီဒီယိုတွေကို သတင်းဌာနတွေဆီ ပေးပို့ဖို့ အခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီပဲယင်း PDF တာဝန်ရှိသူတဦးက “မနက် ၅ နာရီလောက် ဝင်သွားတာပေါ့ဗျာ။ ကျဆုံးသွားတာတော့ ၈ ယောက်။ ဘယ်သူတွေဆိုတာတော့ မသဲကွဲသေးဘူး။ သူတို့က ပစ်သတ်ပြီး မီးရှို့သွားတာ။ ကျနော်တို့ ကင်း ၃ ကင်းချထားတဲ့နေရာမှာ ၁ ကင်းကနေ ပေါက်သွားတာ။ ခံမပစ်လိုက်ရဘဲနဲ့ မနက်ပိုင်းဆိုတော့ နည်းနည်းအိပ်နေတဲ့အချိန် ပါသွားတာပေါ့။ အဲ့လိုကြောင့် ခံလိုက်ရတာ။ စစ်ကောင်စီအင်အား ၄၀ လောက်ပါတယ်။ ဒီပဲယင်းဘက်က လာတယ်လို့ ထင်ရတာပဲ။ အခု စိုင်ပြင်ဘက်ကို ဆက်ထွက်သွားပြီ။ အင်တာနက်မရတော့ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေ ပို့လို့မရသေးဘူး။ ရိုက်ထားတာတော့ ရှိတယ်။ မင်းဆွေနှစ်ရွာပါ၊ ဒီပဲယင်းနဲ့ ၃ မိုင်ကျော်ကျော်လောက်ရှိမယ်။ အိမ်ခြေ ၄၀၀ ကျော် ၅၀၀ ကျော်လောက်ရှိမယ်။ ရွာသားတွေကတော့ အားလုံးလွတ်သွားတယ်။ ကင်းစောင့်နေတဲ့ လူငယ်လေးတွေ ထိသွားတာပါ။ တခါတည်း မီးရှို့သွားပါတယ်” လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းထဲက စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ ကလေးမြို့တို့ကလွဲပြီး ကျန်မြို့နယ်အားလုံးမှာ MPT၊ အော်ရီဒူးနဲ့ တယ်လီနော မိုဘိုင်း အင်တာနက်လိုင်း အားလုံးကို စစ်ကောင်စီက ဖြတ်တောက်ခဲ့တာပါ။
အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတဲ့အတွက် ဒေသခံတွေဟာ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် ရရှိရေးအတွက် ကြီးမားတဲ့အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။
အင်တာနက် ဖြတ်တောက်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လေ့ မရှိပါဘူး။ စစ်ကိုင်းတိုင်းထဲမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိပြီး အများစုမြို့နယ်တွေမှာ နေ့စဉ်လိုလို စစ်ကောင်စီနဲ့ ဒေသခံ PDF တွေကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေပါတယ်။