ရုရှားနိုင်ငံအပေါ် အနောက်နိုင်ငံတွေရဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုက မြန်မာ-ရုရှား နှစ်နိုင်ငံကုန်သွယ်မှုအပေါ်မှာ တိုက်ရိုက်ကြီး သက်ရောက်မှု မရှိနိုင်ပေမယ့် အဖျားအနား ရိုက်ခတ်မှုတော့ရှိနိုင်တယ်လို့ စီးပွားရေးသုတေသီတွေက သုံးသပ်ပြောပါတယ်။
ယူကရိန်းနိုင်ငံအပေါ် တဖက်သတ် စစ်ရေးအရ ဝင်ရောက်ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားနိုင်ငံအား အီးယူ အပါအဝင် အနောက် နိုင်ငံတွေက ဘဏ္ဍာရေးနည်းလမ်းနဲ့ စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ဖို့ သဘောတူဆုံးဖြတ်ခဲ့ပါတယ်။
ဒီအကျိုးသက်ရောက်မှုကြောင့် ရုရှားနိုင်ငံက နိုင်ငံတကာနဲ့ ဘဏ္ဍာရေးဆိုင်ရာဆောင်ရွက်နိုင်တဲ့ SWIFT ကုဒ်တွေကို အသုံးပြုခွင့် ရပ်ဆိုင်းခံလိုက်ရပါတယ်။
တဖက်မှာလည်း မြန်မာစစ်ကောင်စီက ရုရှားရဲ့ ကျူးကျော်စစ်ပွဲကို အားပေးထောက်ခံနေပြီး မြန်မာ-ရုရှား နှစ်နိုင်ငံစီးပွားရေး၊ ကုန်သွယ်ရေးနဲ့ စစ်လက်နက်ဝယ်ယူရေးကိစ္စတွေ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ စီစဉ်ဆောင်ရွက်နေတာကြောင့် မြန်မာနိုင်ငံအတွက်ကလည်း ဒီသက်ရောက်မှုဒဏ်ကနေ လွတ်လွတ်ကင်းကင်းတော့ ရှိမလာနိုင်ပါဘူး။
စီးပွားရေးသုတေသီတဦးက “ကျနော်ထင်တာကတော့ တိုက်ရိုက်ကြီးတော့ သက်ရောက်မှု မရှိနိုင်ဘူးပေါ့နော်။ SWIFT ကုတ်တွေနဲ့ အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့တာတွေကတော့ ကျနော်ထင်တာက ယူကရိန်းအရေး ထက်စာရင် ရုရှားနိုင်ငံကို သူတို့က ရေရှည်မှာ အသာစီး ရရှိရေးဆိုတဲ့ ရည်ရွယ်ချက်က ပိုများတယ်ဗျ။ ကျနော်တို့ မြန်မာပြည်ကတော့ အဖျားအနား ရိုတ်ခတ်ခံရတာလောက်ပဲ ရှိမှာပါ။ ပြီးတော့ မြန်မာနဲ့ နိုင်ငံတကာ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်တွေကို ကျနော်လိုက်ကြည့်တဲ့အခါ ရုရှားက ၂၂ ခုမြောက် နိုင်ငံအဆင့်မှာပဲရှိတာ တွေ့ရတယ်။ ရုရှားက ထိပ်ပိုင်းနိုင်ငံတွေစာရင်းထဲမှာ မပါဘူးနော်။ အဲ့တော့ ရုရှား-မြန်မာ ကုန်သွယ်ရေးကလည်း သိပ်ပြီးတော့မရှိပါဘူး” လို့ ပြောပါတယ်။
ဒီ့အပြင် မြန်မာစစ်ကောင်စီရဲ့ ဗိုလ်ချုပ်ကြီးတွေရဲ့ နိုင်ငံခြားငွေစာရင်းတွေ ရုရှားနိုင်ငံက ဘဏ်တွေမှာ ရှိနိုင်တယ်လို့ ထင်ကြေးပေးပြောဆိုတာတွေလည်း ရှိလာပါတယ်။
ဒီထင်မြင်ပြောဆိုတာတွေနဲ့ပတ်သက်ပြီး စီးပွားရေးပညာရှင်တဦးကလည်း “ရုရှားမှာ မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ ငွေစာရင်း အကောင့်တွေ ရှိတယ် ပြောကြတယ်ပေါ့နော်။ တကယ့်တကယ်က ကျနော်ထင်တာက ရုရှားနိုင်ငံမှာရှိတယ်ဆိုတာထက် ဒူဘိုင်း၊ ယူအေအီး၊ တရုတ်ပြည် အဲ့ဒီ့မှာ ဖြစ်ဖို့ ပိုများတယ်လို့ ထင်တယ်။ ဘာလို့လဲဆို ရုရှားက ကုန်သွယ်ရေးမှာ ဒီလောက်ကြီး ဗဟို မကျဘူးနော်။ အဲ့တော့ ကျနော်ထင်တာက ပညာတော်သင် လွှတ်တဲ့ကိစ္စတွေ ရှိမယ်။ နောက်တခုက လက်နက်အပေးအယူကိစ္စတွေကတော့ သူတို့ ငွေပေးငွေယူရှင်းလင်းတဲ့ ပုံစံတွေ ရှိမှာပါ။ ကျနော်သိရသလောက်က ဘာတာစနစ်နဲ့ပါ။ ဆိုလိုတာက ကျနော်တို့ဆီက စားသောက်ကုန်တွေ ပြန်လိုချင်တယ်။ အဲ့ဒါမျိုးတွေ ရှိတယ်။ ဘာတွေ သွင်းမလဲတော့ ကျနော်လည်း မသိဘူး။ ဒါပေမဲ့ ပဲတို့ ဘာတို့ ဖြစ်နိုင်တာပေါ့။ ကျနော်တို့ မြန်မာပြည်ကတော့ အထူးသဖြင့် သူတို့ဆီက ရေနံထွက်ကုန် လိုချင်တယ်ဗျ။ အာဏာသိမ်းပြီးနောက် သိရသလောက်က သူတို့ ဆွေးနွေးမှုတွေမှာ ရေနံဝယ်ဖို့ ကိစ္စတွေ ပါတယ်။ ပြီးတော့ ရုရှားက မြန်မာပြည်မှာ ရေနက်ဆိပ်ကမ်းတခု လာလုပ်ချင်တာ တွေ့ရတယ်လို့” ပြောပါတယ်။
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်း အချက်အလက်တွေအရ ၂၀၂၂ ဇန်နဝါရီလ ၃၁ ရက်အထိ မြန်မာနိုင်ငံမှာ နိုင်ငံအလိုက် ပြည်ပရင်းနှီးမြှုပ်နှံမှုစာရင်းမှာ ရုရှားနိုင်ငံက အဆင့် ၂၂ ရှိပြီး ရင်းနှီးမြှုပ်နှံမှုအနေနဲ့ အမေရိကန်ဒေါ်လာ ၉၄ သန်းသာ ရှိတာပါ။ ရာခိုင်နှုန်းအားဖြင့် သုည ဒသမ ၁၀ ရာခိုင်နှုန်းသာ ရှိပါတယ်။