ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရွာမ အနောက်ရပ်ကွက် ဖွဲနုစက်နားက ကိုင်းတောမှာ ဖေဖော်ဝါရီ ၁၃ ရက် ညနေ ၅ နာရီ ၄၀ လောက် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကိုင်းတော မီးလောင်တာ။ ညနေ ၅ နာရီ ၄၀ လောက်ကပါ။ မီးသတ်ကားတော့ လာငြှိမ်းတယ်၊ ဘေးကူးစက်မှုမရှိပါဘူး” လို့ ဒေသခံတဦးကပြောပါတယ်။
အလားတူ မနေ့ မနက် ၉ နာရီ ၁၅ မိနစ်ကလည်း စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ်ထဲက ချောင်းဦးတောင်ရပ်ကွက် မန်ကျည်းစု သုသာန်နားက အမှိုက်ပုံမီးလောင်ကျွမ်းခဲ့ကာ အမှိုက်ပုံမီးကတဆင့် အနားမှာရှိတဲ့ ကောက်ရိုးပုံ မီးကူးစက်လောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။
မီးလောင်ရာကို မြို့နယ်မီးသတ်နဲ့ ချောင်းဦး အရန်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းငြှိမ်းသတ်ခဲ့ရာ မနက် ၉ နာရီ ၂၅ မိနစ်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သိရပါတယ်။
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ပတ္တမြားရပ်ကွက်အနီး စစ်ကိုင်းတံတားအောက်က ဓာတ်ဆီဆိုင်မှာလည်း ဖေဖော်ဝါရီ ၁၃ ရက် ညနေ ၃ နာရီ ၃၅ မိနစ်လောက် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဆီဆိုင်မီးကတဆင့် အနားက နေအိမ် ၁၀ လုံးလောက် မီးကူးစက်လောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှု အတိအကျ မသိရသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။
ဆောင်းအကုန် နွေအကူး ပူပြင်းခြောက်သွေ့တဲ့ ရာသီအကူးအပြောင်းမှာ ဖေဖော်ဝါရီ ၁၃ ရက် တစ်ရက်တည်း တိုင်းဒေသကြီး ၃ ခုမှာ မီးလောင်မှုတွေ ဖြစ်ပေါ်ခဲ့တာပါ။