ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၃ ရပ်ကွက်မှာ ဖေဖော်ဝါရီ ၁၂ ရက် နေ့လယ်ပိုင်းက ဆိုင်ကယ်စီးလာတဲ့ အမျိုးသား ၂ ယောက်ကို ရဲက သေနတ်နဲ့ ပစ်ဖမ်းခဲ့တာမှာ တယောက် ဒဏ်ရာရသွားပါတယ်။
တောရကျောင်းလမ်းထိပ်မှာ မွန်းလွဲ ၁၂ နာရီခွဲလောက် စစ်ဆေးတာတွေ ပြုလုပ်နေချိန် အမျိုးသား ၂ ယောက်က ဆိုင်ကယ်ရပ်မပေးတာကြောင့် ရဲက နောက်က သေနတ်နဲ့လိုက်ပစ်ဖမ်းဆီးခဲ့ရာမှာ အမျိုးသား ၁ ဦး ပေါင်မှာထိမှန်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
“ဒဏ်ရာက တော်တော်ပြင်းတယ်။ ထုတ်ချင်းပေါက်သွားတာ ပုသိမ်ဆေးရုံကြီးကတောင် လက်မခံဘူး။ အခု ရန်ကုန်သွားဖို့ လုပ်နေရတယ် ကြားတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။
ဒဏ်ရာရသူ ကိုဝင်းကိုကိုဌေးကို ရန်ကုန်ဆေးရုံကို ပို့ဆောင်ဖို့လုပ်နေပြီး ဆိုင်ကယ်မောင်းနှင်သူ ကိုမြတ်သူကိုတော့ နေအိမ်မှာ ရဲက လိုက်လံဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
ဆိုင်ကယ်မောင်းနှင်လာသူ ၂ ဦးဟာ အရက်မူးနေပြီး မသိလို့ဖြတ်မောင်းမိတဲ့အချိန်မှာ ရဲက နောက်က သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးတာဖြစ်တယ်လို့ ဒေသခံအများစုက ပြောပါတယ်။