ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဖေဖော်ဝါရီ ၉ ရက် မနက်ပိုင်းက နယ်မြေရဲစခန်းတခု ဗုံးနဲ့အပစ်ခံရ တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မြို့တဖက်ကမ်းမှာရှိတဲ့ သင်္ဘောကျင်းနယ်မြေရဲစခန်းကို မနက် ၈ နာရီကျော်လောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေပေါင်းပြီး ဗုံးနဲ့သွားရောက်ပစ်ခတ်ခဲ့တာလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
“ဗုံးက မပေါက်သွားဘူး။ နည်းနည်းရုတ်ရုတ်သဲသဲတော့ ဖြစ်သွားတယ်။ သူတို့ကို လိုက်ဖမ်းသေးတယ် မမိလိုက်တာ”လို့ ဒေသခံတဦးက ပြောပါတယ်။
ဗုံးနဲ့အပစ်ခံရပြီးနောက်ပိုင်း ကမ်းကူးနိုင်တဲ့ ကူးတို့ဆိပ်တွေနဲ့ ကြိုးတံတား ဖြတ်သန်းသွားလာတဲ့ ဂိတ်တွေကို ပိတ်ဆို့ပြီး စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။
ပုသိမ်အနောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေါက်တိုင်တွေကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။