စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ ဇန်နဝါရီ ၂၈ ရက်က အသံတိတ်သပိတ် (Silent Strike) သပိတ်ပါဝင်ဖို့ Facebook လူမှုကွန်ရက်မှာ ရေးသားထားတဲ့စာအား ပြန်လည်မျှဝေထားသူ လူငယ်တစ်ယောက် မတရားဖမ်းဆီးခံခဲ့ရပါတယ်။
ဖမ်းဆီးခံရသူဟာ ကိုထွန်းလင်း ဆိုသူဖြစ်ပြီး ခန္တီးမြို့ မြို့မရပ်မှာ နေထိုင်ကာ စစ်ကောင်စီတပ်သားတွေက နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတာလို့ သိရပါတယ်။
“အခုညနေ ၆ နာရီလောက်က သူအိမ်ကို စစ်ကောင်စီတပ်တွေဝင်ရောက်ဖမ်းဆီးသွားတယ်။ သူက က Silent Strike သပိတ်မှာပါဝင်ဖို့ ရေးသားထားတာတွေမရှိဘူး။ တခြားလူတင်တဲ့စာကို ပြန်လည်မျှဝေထားတာပဲ ရှိတယ်” လို့ ဖမ်းဆီးခံရတဲ့ ကိုထွန်းလင်းရဲ့ သူငယ်ချင်းက ပြောပါတယ်။
‘ပြည်တော်ဝင်ဖို့ ရုန်းကြစို့’ ဆိုတဲ့ အသံတိတ် အာဏာဖီဆန်ရေး လှုပ်ရှားမှုကို ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ နိုင်ငံတဝန်း ပြုလုပ်မှာဖြစ်ပါတယ်။
ရန်ကုန်နဲ့ မန္တလေး အပါအဝင် မြို့ကြီးအချို့မှာလည်း ဖေဖော်ဝါရီ ၁ ရက်နေ့ အသံတိတ်လှုပ်ရှားမှု ပါဝင်ပြီး ဆိုင်ပိတ်မယ့်အကြောင်း လူမှုကွန်ရက်မှာ ရေးတင်တဲ့ ဆိုင်တချို့ကို စစ်ကောင်စီတပ်တွေက မတရားဝင်ရောက်ဖမ်းဆီးတာနဲ့ ဆိုင်တွေကို ချိပ်ပိတ်တာတွေ လုပ်နေပါတယ်။