လွိုင်ကော်တွင် သေနတ်ဒဏ်ရာများဖြင့် စွန့်ပစ်ခံထားရသည့် ရုပ်လောင်း ၆ လောင်းတွေ့ရှိ

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက်အစွန်းမှာ သေနတ်ဒဏ်ရာတွေနဲ့ သတ်ဖြတ်ခံထားရပြီး အိမ်သာကျင်းဟောင်းမှာ စွန့်ပစ်ခံထားရတဲ့ လူ ၆ ယောက်ရဲ့ အလောင်းတွေကို ဒေသခံတွေက တွေ့ရှိခဲ့ပါတယ်။ 

သတ်ဖြတ်ခံရသူ ၆ ယောက်ထဲက  ၄ ယောက်ဟာ အသက်မပြည့်သေးတဲ့ လူငယ်လေးတွေဖြစ်ပြီး စစ်ကောင်စီတပ်က အကြောင်းမဲ့ သတ်ဖြတ်သွားခဲ့တာလို့လည်း ဒေသခံတွေပြောပါတယ်။

သတ်ဖြတ်စွန့်ပစ်ခံရသူ ၆ ယောက်ထဲမှာ  ယူဂျင်းဆိုတဲ့ အသက်မပြည့်သေးသူတယောက်လည်း ပါဝင်ပြီး သူဟာ နာနတ်တောရပ်ကွက်မှာနေထိုင်ကာ  မကြာသေးခင်ကမှ သူ့ဖခင်ဆုံးသွားတာလို့ သူ့ဦးလေးဖြစ်သူက  လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။

“အသက်မပြည့်သေးတဲ့..ကလေးပါ။ သူ့အဖေလည်းဆုံးတာ တစ်လတောင်မပြည့်သေးဘူး.။ မိခင်လည်း..နိုင်ငံရပ်ခြားမှာ။ .ခွေးတွေနာနတ်တောရပ်ကွက်ထဲဝင်လာတုန်း ရက်စက်စွာလာ ပစ်သတ်သွားတယ်။ ငါ့တူလေး ယူဂျင်းရေ.... မင်းအတွက်..ကမ္ဘာမကြေဘူး...တစ်သက်လုံး ကမ္ဘာမကြေဘူးကွာ.။”  လို့ သူ့ရဲ့ ဦးလေးဖြစ်သူက လူမှုကွန်ရက်မှာ ပြောပါတယ်။ 

ယူဂျင်းရဲ့ မိခင်ဟာလည်း လက်ရှိ နိုင်ငံခြားမှာ သွားရောက်အလုပ်လုပ်နေတာဖြစ်ပြီး သူ့သားကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၅ ရက်က ဖမ်းဆီးသွားတာဖြစ်ပြီး  ဒီနေ့ ဇန်နဝါရီ ၂၇ ရက်နေ့မှာ အလောင်းသာပြန်တွေ့ရတာလို့ သူ့ရဲ့လူမှုကွန်ယက်မှာ ပြောပါတယ်။ 

ဇန်နဝါရီ ၂၅ ရက်နဲ့  ၂၆ ရက်နေ့တွေက စစ်ကောင်စီတပ်တွေဟာ လွိုင်ကော်မြို့နယ် ဒေါ်ပေါကလဲကျေးရွာအုပ်စုနဲ့ နိုးကိုးကျေးရွာအုပ်စုရှိ ကျေးရွာတွေကိုဝင်ရောက်ပြီး လူနေအိမ်တွေကို တအိမ်တက်ဆင်းသွားရောက် ပစ္စည်းတွေ ခိုးယူတာနဲ့ ဖျက်စီးတာတွေ ပြုလုပ်ခဲ့ပါတယ်။

//
More News
Up