ဘာလိုတယ်လီဟာ နည်းစနစ်ပိုင်းကောင်းမွန်သူဖြစ်ကြောင်း အီတလီနည်းပြ ချီးကျူး

တိုက်စစ်မှူး ဘာလိုတယ်လီဟာ နည်းစနစ်ပိုင်း ကောင်းမွန်သူဖြစ်တယ်လို့ အီတလီနည်းပြမန်ချီနီ က ချီးကျူးသွားပါတယ်။
မန်ချီနီဟာ တူရကီကလပ် အဒမ်နာဒီမာစပေါ်အသင်းမှာ ခြေစွမ်းပြနေတဲ့ ဘာလိုတယ်လီကို ၂၀၁၈ ခုနှစ်နောက်ပိုင်း အီတလီလက်ရွေးစင်မှာ ပြန်လည်ရွေးချယ်ခဲ့တာပါ။
အသက် ၃၁ နှစ်ရှိ ဘာလိုတယ်လီဟာ တူရကီလိဂ်မှာ ၁၉ ပွဲကစားအပြီးမှာ ၈ ဂိုး သွင်း ၃ ကြိမ်ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။
ဘာလိုတယ်လီဟာ နည်းစနစ်ပိုင်းမှာ အမြဲတမ်းကောင်းမွန်ပြီး ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီးတော့ပဲ စောင့်ကြည့်သွားရမယ်လို့ အီတလီနည်းပြ မန်ချီနီကပြောပါတယ်။
“လာမယ့်ရက်အနည်းငယ်အတွင်းမှာ မာရီယိုလို လက်ရွေးစင်မှာ မပါခဲ့တာကြာနေပြီဖြစ်တဲ့ ကစားသမားတွေရဲ့ခြေစွမ်းကို အကဲခတ်သွားပါမယ်။ မာရီယိုအနေနဲ့ ပြန်လည်ရွေးချယ်ခံရတဲ့အပေါ် ကျေနပ်လိမ့်မယ်လို့ ထင်ပါတယ်။ သူ့ဘက်က လက်တဖက်ကမ်းနိုင်မလားဆိုတာကတော့ စောင့်ကြည့်သွားရမှာပါ” လို့ နည်းပြမန်ချီနီက ပြောပါတယ်။
နည်းပြမန်ချီနီဟာ လက်ရွေးစင်နဲ့ဝေးကွာနေတဲ့ ကစားသမားသစ် ၇ ဦးအထိရွေးချယ်ခဲ့တာပါ။
အီတလီအသင်းဟာ မတ်လ ၂၅ ရက်မှာ မြောက်မက်ဆီဒိုးနီးယားနဲ့ ကစားရမယ့် ကမ္ဘာ့ဖလားပလေးအော့ဖ်ပွဲစဉ်အတွက် ကြိုတင်လေ့ကျင့်ပြင်ဆင်မှာဖြစ်ပါတယ်။