Home
မြန်မာသတင်း
မတူပီမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၈ ဦးသေဆုံး အများအပြားဒဏ်ရာရ
DVB
·
January 27, 2022

ချင်ပြည်နယ် မတူပီမြို့နယ်မှာ ဇန်နဝါရီလ ၂၆ ရက်နေ ညနေပိုင်းက မတူပီ CDF နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၈ ယောက်သေဆုံးကာ အများအပြားဒဏ်ရာရရှိသွားတယ်လို့ မတူပီ CDF ကနေ သိရပါတယ်။

မတူပီ-ပလက်ဝ လမ်းပေါ်က ခမရ ၃၀၄ အခြေချတပ်စခန်းကို ညနေ ၄ နာရီလောက်က မတူပီ CDF နဲ့ CNA ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၈ ယောက်လောက် သေဆုံးကာ ၁၀ ယောက်လောက် အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ မတူပီ CDF ရဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ပြီး ညနေ ၅ နာရီလောက်အထိ နှစ်ဖက်တိုက်ပွဲ တစ်နာရီလောက်အကြာ အပြင်းအထန်ဖြစ်ပွားခဲ့ကာ မတူပီ CDF ဘက်က အထိခိုက်အကျဆုံးမရှိခဲ့ဘူးလို့ ဆိုပါတယ်။

မတူပီ-မင်းတပ်ကားလမ်း ချန်ပြန်း ရွာဟောင်းနားမှာလည်း ဇန်နဝါရီ ၂၄ ရက်နေ့က မတူပီ CDF နဲ့ စစ်ကောင်စီတပ်တွေတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁ ယောက်သေဆုံးကာ ၃ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

ချင်ပြည်နယ်၊ မကွေးတိုင်း ဂန့်ဂေါ၊ ယောနယ်နဲ့ စစ်ကိုင်းတိုင်း ကလေး၊တမူးမြို့နယ်တွေမှာ ဧပြီလ ၂၄ ရက်နေ့ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲ ၁၈၄ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀၂၉ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်းမှာ CJDC အဖွဲ့ဝင် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က သူရဲကောင်း ၅၈ ယောက်တိုင်းပြည်အတွက် အသက်ပေးလှူလိုက်ရပြီး အပြစ်မဲ့ ပြည်သူ ၂၇ ယောက်ကို စစ်ကောင်စီတပ်တွေက သတ်ဖြတ်သွားတယ်လို့ ဖော်ပြထားပါတယ်။

နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024