Live
Home
ဆောင်းပါး
ကျရှုံးနိုင်ငံမဖြစ်ရေး နွေဦးတော်လှန်ရေးကို ၀န်းရံပေး
DVB
·
January 26, 2022

စစ်အာဏာသိမ်းမှု တနှစ်ပြည့်တော့မည့် ယနေ့မြန်မာနိုင်ငံ၏ နောက်ဆုံးအခြေအနေများမှာ ကျရှုံးနိုင်ငံတခု အသွင်လက္ခဏာများ ထင်ဟပ်နေပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်က အာဏာသိမ်းတက်လာသည့် အကြမ်းဖက်စစ်ကောင်စီသည် ဒီမိုရေစီ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို လိုလားသော ပြည်သူလူထု၏ ၂၀၂၀ ရွေးကောက်ပွဲရလဒ်များကိုလည်း မဲမသမာမှုရှိသည်ဟု စွပ်စွဲကာ ပယ်ဖျက်ရန် ကြိုးပမ်းနေသည်။ တချိန်တည်းတွင် မြန်မာပြည်အနှံ့အပြားရှိ ပြည်သူလူထုကလည်း စစ်အာဏာသိမ်းမှုကို လုံးဝလက်မခံကြောင်း ဆန့်ကျင်ကန့်ကွက် သပိတ်တိုက်ပွဲများ ဆင်နွှဲလျှက်ရှိသည်။ မျိုးဆက်သစ် ဂျန်ဇီး (Generation Z) လူငယ်ထုကလည်း စစ်အာဏာရှင်စနစ်ကို အမြစ်လှန်တိုက်ဖျက်ကြမည်ဟုဆိုကာ မြို့ရွာ အနှံ့တွင် နွေဦးတော်လှန်ရေးတိုက်ပွဲကို ပုံသဏ္ဍာန်မျိုးစုံဖြင့် ဖေါ်ဆောင်နေကြသည်ကို တွေ့မြင်နေရသည်။

အဓမ္မ အာဏာသိမ်းမှု ၁၁ လခွဲကျော်လာချိန်တွင် အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံး ကွယ်လွန်ခဲ့ရသည့် ပြည်သူ ၁၄၉၀ ယောက်၊ ဖမ်းဆီးထိန်းသိမ်း ခံရသူပေါင်း ၁၁၇၁၁ ယောက်ထိ ရှိလာခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်နေ့ တွင် ထုတ်ပြန်ခဲ့သည်။ ထိုစာရင်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ အေအေပီပီက ကောက်ယူ မှတ်တမ်းတင်ထားခြင်းဖြစ်၍ အမှန်တကယ် မြေပြင်၌ ကျဆုံးသူများ ယခုထက် ပိုနိုင်သည်ဟု ဆိုသည်။

၂၀၂၁ ခုနှစ်အတွင်း အကြမ်းဖက် စကစတပ်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်များအကြား တိုက်ပွဲပေါင်း ၃၁၅၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ၂၁၉၀ ဦး သေဆုံးကာ ၂၀၄၈ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်ဟု KNU ဗဟိုက ဇန်နဝါရီ ၇ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။ တိုက်ပွဲများအတွင်း KNU ဘက်မှ ၄၂ ဦး သေဆုံးပြီး ၁၃၀ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း KNU ဗဟို၏ ထုတ်ပြန်ချက်၌ ဖေါ်ပြထားသည်။ 

စကစ တပ်က လက်နက်ကြီးကျည် ၁၅၀၀ ကျော် ပစ်ခတ်ခဲ့ပြီး လေကြောင်း ပစ်ခတ်မှုများနှင့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုများကြောင့် အရပ်သား ၃၁ ဦးသေဆုံးကာ ၈၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ တိုက်ပွဲများကြောင့် အနည်းဆုံး အရပ်သား ၅၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ အထူးသဖြင့် စစ်ကောင်စီတပ်များ၏ ရက်စက်ရိုင်းစိုင်းယုတ်မာသော စစ်ဆင်ရေးများကြောင့် ကျေးလက်တောရွာနေ ပြည်သူများမှာ ဆင်းရဲဒုက္ခကြီးစွာ ခံစားနေကြရသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သည့် နော်ဝေနိုင်ငံက  ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်ခဲ့ခြင်းအပေါ်လည်း ပြစ်တင်ရှုတ်ချလိုက်သည်။ လုံခြုံရေးကောင်စီ၌ မြန်မာ့အရေး ဆက်လက် တွန်းအားပေး ဆောင်ရွက်သွားမည်ဟုလည်း နော်ဝေ နိုင်ငံခြားရေးဝန်ကြီး Anniken Huitfeldt က ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံ စစ်အာဏာသိမ်းခံရမှု တနှစ်နီးပါး ရှိလာချိန်တွင် လူ့အဖွဲ့အစည်းအားလုံး၏ အခြေအနေများ အကြီးအကျယ် ယိုယွင်းကျဆင်းနေပြီး ပြည်သူများ ဒုက္ခကြုံနေရသည့်အပေါ် အထူး စိုးရိမ်ကြောင်းလည်း နော်ဝေ နိုင်ငံခြားရေးဝန်ကြီး ပြောဆိုထားသည်။

ထို့ကြောင့် လက်ရှိအနေအထားအရ မြန်မာ့နိုင်ငံရေး ရာသီဥတုအခြေအနေသည် အလွန်တရာ ဆိုးရွားပြင်းထန်လျှက်ရှိသည်ဟု ဆိုနိုင်သည်။ မြန်မာကိစ္စသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အရေးကြီးပြဿနာများ၌ စာရင်းဝင်နေရုံမက၊ အာဆီယံအဖွဲ့အတွင်း၌လည်း အရှက်ရစရာ အကြောင်းအရာ ဖြစ်လာနေသည်။ ဂျီဆဲဗင်းနိုင်ငံများကလည်း မြန်မာစစ်အာဏာသိမ်းမှုကို ရှုတ်ချခဲ့ကြသည်။ အနှစ်ချုပ်အားဖြင့် ဒီမိုကရေစီနှင့် အာဏာရှင်စနစ် ၂ ရပ်၏ တိုက်ပွဲ၌ နိုင်ငံတကာ အစိုးရများအနေဖြင့် ဒီမိုကရေစီဘက်က ရပ်တည်နေကြောင်း အချက်ပြလျှက်ရှိသည်။

ထိုအတောအတွင်း ဇန်နဝါရီ ၂၄ ရက်နေ့က ကျင်းပပြုလုပ်သော (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ (၅၆) ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး၌ မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်စစ်တပ်က မြန်မာပြည်သူများအပေါ် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ပြစ်မှုနှင့် စစ်ရာဇဝတ်မှုများကျူး လွန်နေသောကြောင့် နိုင်ငံတကာက နည်းလမ်းမျိုးစုံသုံး၍ မြန်မာပြည်သူများကို  ကာကွယ်ပေးရန် တာဝန်ရှိသည်ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းပြောဆိုလိုက်သည်။

မြန်မာနိုင်ငံ၌ အာဏာသိမ်းမှုဖြစ်စဉ်ဖြစ်ပွားလာခဲ့သည်မှာ (၁)နှစ် တင်းတင်းပင် ပြည့်မြောက်တော့မည်ဖြစ်ကြောင်း၊ အပြစ်မဲ့ပြည်သူ ၁၄၄၇ ဦးကျော် သေဆုံးခဲ့ပြီး အခြားထောင်ပေါင်းများစွာသော ပြည်သူများမှာလည်း ဖမ်းဆီးထိန်းသိမ်းခံ ထားရကြောင်း၊ ညှဉ်းပန်းနှိပ်စက် ခံရကြောင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာ့စစ်တပ်အား ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်ရန် ကြိမ်ဖန်များစွာ တောင်းဆိုခဲ့သော်လည်း စစ်ကောင်စီသည် ပြည်သူများအပေါ် မည်သို့မျှ စဉ်းစားပေးခြင်းမရှိဘဲ၊ ပြည်သူများ၏ ဆန္ဒကို လျစ်လျူရှုဆန့်ကျင်ကာ လူ့အခွင့်အရေးကို ဆိုးရွားစွာ ချိုးဖောက်၍ ပြစ်မှုမြောက်မြားစွာကိုသာ ကျူးလွန်လျက်ရှိကြောင်း သံအမတ်ကြီးကပြောကြားခဲ့သည်။

မြန်မာစစ်တပ်၏ ဖော်ပြပါ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဥပဒေများကို ချိုး‌ဖောက်နေသည်ကို ကြည့်ခြင်းအားဖြင့် ၎င်းတို့သည် လူသားမျိုးနွယ်စုအပေါ် ကျူးလွန် သည့်ပြစ်မှုနှင့် စစ်ရာဇဝတ်မှုတို့ကို ကျူးလွန်နေသည်မှာ သိသာထင်ရှားကြောင်း ဦးကျော်မိုးထွန်းက ထောက်ပြသည်။ ထို့ကြောင့် မြန်မာနိုင်ငံအား ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည် ရောက်ရှိစေရေး၊ ငြိမ်းချမ်းရေးနှင့် သာယာဝပြောမှု ပြန်လည်ပေါ်ထွန်းလာစေရေးအတွက် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအနေဖြင့် ထိရောက် မြန်ဆန်၍ ညီညွတ်သည့် တုံ့ပြန်ဆောင်ရွက်မှုများ လုပ်ဆောင်ပေးကြရန် မိမိအနေဖြင့် ထပ်လောင်း တောင်းဆို လိုပါကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဘေးကြောင့် စီးပွားရေးအခြေအနေ ဖရိုဖရဲဖြစ်နေစဉ် ပြည်သူလူထု၏ ဆင်းရဲဒုက္ခမျိုးစုံကို မျက်ကွယ်ပြုလျှက် အကြမ်းဖက်စစ်တပ်က စာနာမှုတရားကင်းမဲ့စွာ အာဏာသိမ်းယူခဲ့သဖြင့် ယခုအခါ မြန်မာနိုင်ငံ ပြည်သူလူထုသည် ရောဂါဘေး၊ စစ်ဘေးနှင့် အငတ်ဘေးဆိုသည့် ကပ်ကြီးသုံးပါးနှင့် တွေ့ကြုံနေကြရပြီ ဖြစ်သည်။

စီးပွားရေးကဏ္ဍ၏ အဓိက ယန္တရားများဖြစ်သည့် ဘဏ်စနစ် ပြိုလဲခြင်း၊ လောင်စာဆီဈေး အဆမတန်ဖြင့်တက်ခြင်း သယ်ယူပို့ဆောင်ရေးစနစ် ပျက်ပြားခြင်း၊ စစ်ကောင်စီ အကြမ်းဖက်တပ်များက ပြည်သူလူထု၏ စီးစိမ်ဥစ္စာများကို လုယက်ခိုးယူခြင်း၊ ပြည်သူ့အိုးအိမ်နှင့် လုပ်ငန်းဆိုင်ရာ အဆောက်အအုံများကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခြင်း၊ စစ်အာဏာသိမ်းမှုကြောင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားကာ ရွှေဈေးနှင့် ဒေါ်လာဈေးတက်ခြင်း စသည့် အခြေအနေများ ဖြစ်ပေါ်ခဲ့သည်။ အကျိုးဆက်အဖြစ် ပြည်တွင်းနှင့် နိုင်ငံခြားစီးပွားရေး လုပ်ငန်းများရပ်ဆိုင်းကာ ပြည်သူအများအပြား အလုပ်မဲ့ဖြစ်ကြရပြီးနောက် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မှုနှင့်ပါ ရင်ဆိုင်ကြရသည်။ ဤသို့သော အကြောင်း အချက်များသည်ပင် ကျရှုံးနိုင်ငံဖြစ်ရသည့် အရင်းခံတရားများ ဖြစ်လာခဲ့သည်။

ထို့ပြင် စစ်အာဏာသိမ်းမှုနောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဥပဒေစိုးမိုးမှုပိုင်း ယိုယွင်းဆိုးရွားလာမှုတို့ကြောင့် မြန်မာနိုင်ငံရှိ ကုန်ထုတ်လုပ်ငန်းလည်ပတ်မှုအားလုံးကို ရပ်ဆိုင်းနေပြီဖြစ်သည်ဟု ကမ္ဘာ့အကြီးဆုံး စွမ်းအင်ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် ပြင်သစ်ကုမ္ပဏီ Total Energies က ဇန်နဝါရီ ၂၁ ရက်တွင် ပြောကြားလိုက်သည်။ အာဏာသိမ်း စစ်အုပ်စုအတွက် အဓိကဝင်ငွေရင်းမြစ်အဖြစ် ဆက်ရှိနေသည့် ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်းအပေါ် ပစ်မှတ်ထားပြီး နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ရေး ပြင်သစ်ကုမ္ပဏီက တောင်းဆိုခဲ့ပြီးနောက် ယခုကြေညာချက် ထွက်ရှိလာခြင်းဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီး နောက်ပိုင်း စကစ တပ်သည် ယင်းကို ဆန့်ကျင်သူများနှင့် အမြင်သဘောကွဲလွဲသူများအပေါ် ရက်စက်ကြမ်းကြုတ်စွာ ဖိနှပ်ဖြိုခွင်းခြင်း၊ လူငယ်အမျိုးသားများနှင့် ယောကျ်ားလေးများကို ဖမ်းဆီး ခေါ်ဆောင်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းများကို သတ်ဖြတ်ခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းထားသူများကို ညှင်းပန်းနှိပ်စက်ခြင်းတို့ကို ကျူးလွန်ထားခဲ့သည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေကြေး ၅၀ ရာခိုင်နှုန်းခန့်သည် သဘာဝဓာတ်ငွေ့ အခွန်ဘဏ္ဍာငွေများမှ ရရှိပြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)အနေဖြင့် ၂၀၂၁-၂၀၂၂ ကာလတွင် ကမ်းလွန်နှင့် ပိုက်လိုင်း ပရောဂျက်များမှ ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံခန့် ရရှိဖွယ် ရှိသည်ဟု ခန့်မှန်းကြသည်။ စစ်အုပ်စုအပေါ် ယခင်ချမှတ်ထားခဲ့သော အမေရိကန်နှင့် ဥရောပ၏ ဒဏ်ခတ်ပိတ်ဆို့မှုများထဲတွင် ရေနံနှင့် ဓာတ်ငွေ့ကဏ္ဍ မပါဝင်ထားခဲ့ပေ။ Total ၏ ကြေညာချက် ထွက်ပေါ်ပြီးနောက် မကြာမီမှာပင် Chevron ကလည်း ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး လက်ရှိအခြေအနေများအရ ယင်းလည်း ထွက်ခွာတော့မည်ဟု ပြောခဲ့သည်။ ထိုကုမ္ပဏီကြီးများ မြန်မာနိုင်ငံမှ ဆုတ်ခွာရန် ဆုံးဖြတ်ကြခြင်းမှာ စကစ၏ အဓမ္မ အာဏာသိမ်းမှုနှင့် စစ်ရာဇဝတ်မှုများကျူးလွန်မှုတို့ကြောင့် ဖြစ်ပေသည်။

တခြားတဖက်တွင်လည်း တောမီးလောင် တောကြောင်လက်ခမောင်းခတ်ဆိုသကဲ့သို့၊ ရွှေ ကျောက်စိမ်းနှင့် ကျွန်းသစ် အပါအဝင် သယံဇာတများ တရားမဝင်တူးဖေါ် ခိုးယူမှုများ ဖြစ်နေသည်။ မူးယစ်ဆေးမျိုးစုံထုတ်လုပ်၍ ပြည်တွင်းပြည်ပ၌ ရောင်းဝယ်ဖေါက်ကားမှုများ ပေါ်ပေါက်နေသည်။ နိုင်ငံ၏ နေရာအနှံ့အပြားတွင် လောင်းကစားဝိုင်များ ပေါ်ပေါက်နေ သည်။ ယင်းကိစ္စအဝဝတွင် အကြမ်းဖက် စစ်တပ်အာဏာပိုင်များ ပူးပေါင်းပါ၀င်နေကြောင်းလည်း ဒေသခံများက ယူဆ နေကြသည်။ တချိန်တည်း၌ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုမှုသည်လည်း စစ်အာဏာရှင်စနစ်အောက်တွင် ကျဆုံးခဲ့ ရလေသည်။ ဤပုံအတိုင်းဆိုလျှင် မြန်မာနိုင်ငံသည်။ ကျရှုံးနိုင်ငံဖြစ်ရန် ရာနှုန်းပြည်နီးပါး သေချာနေပေပြီ။

သို့ဖြစ်၍ မြန်မာနိုင်ငံကို ကျရှုံးနိုင်ငံအဖြစ်မှ ကယ်တင်ရန်မှာ စစ်အာဏာရှင်စနစ် အမြစ်က လှန်နိုင်မှဖြစ်မည်။ တွေဝေဆုတ်ဆိုင်းနေပါက အကြမ်းဖက်စစ်တပ်ကို သက်ဆိုးရှည်ခွင့်ပေးရာ ရောက်မည်။ ဖက်ဆစ်အာဏာရှင်စနစ် လက်အောက်၌ ခေတ္တခဏမျှပင် မနေလိုပါက ပြည်သူတို့အနေဖြင့် တွေဝေဆုတ်ဆိုင်း မနေဘဲ ဂျန်ဇီး (Generation Z) လူငယ်ထု ရှေ့ဆောင်နေသော နွေဦးတော်လှန်ရေးတိုက်ပွဲကို ထောက်ခံ ပံ့ပိုးကြရမည်။ စစ်အာဏာရှင်စနစ်ကို အမြစ်လှန်တိုက်ဖျက်ကြမည်ဆိုလျှင် ပြည်သူတိုင်း ပြည်သူတိုင်း နွေဦးတော်လှန်ရေးတွင် အုတ်တချပ် သဲတပွင့်အဖြစ် သင့်လျော်ရာနေရာမှ  ပါ၀င်ဆင်နွှဲကြရန် သန္နိဋ္ဌာန်ချကြရပေမည်။ အရေးတော်ပုံ အောင်ရမည်။

ကောင်းဇေလူ

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024